ကိုယ်ဝန် ယူတော့မလား? ဒါတွေ ကြိုပြင်ထား ...
ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတဲ့ မေမေတွေအနေနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဘဝနဲ့ ကျန်းမာတဲ့ ကလေးလေးတွေ မွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်ပြင်ဆင်ထားသင့်တာလေးတွေကို လေ့လာကြည့်ကြရအောင်။
● ဆရာဝန် (သို့) သားဖွားဆရာမနဲ့ တွေ့ဆုံပြီး စစ်ဆေးပါ။ မိမိသောက်နေတဲ့ ဆေးဝါးတွေ၊ တိုင်းရင်းဆေးတွေအကြောင်းနဲ့ ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။
● Ibuprofen, aspirin စတဲ့ အကိုက်အခဲပျောက်ဆေးတွေက ကိုယ်ဝန်ပျက်ကျနိုင်ခြေကို များစေတဲ့အတွက် ဒီဆေးတွေ မသောက်ပါနဲ့။ ကိုယ်ဝန် စတည်တဲ့အချိန်မှာ သောက်ရင် (သို့) ဒီဆေးတွေကို တစ်ပတ်ထက် ပိုပြီးစွဲသောက်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြေကို ပိုများစေပါတယ်။
● ဖောလစ်အက်ဆစ်ပါဝင်တဲ့ ကိုယ်ဝန်ဆောင်အားဆေး (သို့) အားဆေးသောက်ပါ။ ဖောလစ်အက်ဆစ်က ကလေး ကိုယ်လက်အင်္ဂါ မချို့ယွင်းအောင် ကာကွယ်ပေးနိုင်ပါတယ်။
● ကိုယ့်ရဲ့ရာသီစက်ဝန်းကို သေချာမှတ်ထားပါ။ ဒါကို သေချာသိတယ်ဆိုရင် ဘယ်အချိန်မှာ ကိုယ်ဝန်ရနို်င်လဲဆိုတာကို တွက်ကြည့်လို့ရသလို ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ဒီရက်ကို မူတည်ပြီး ကိုယ်ဝန် ဘယ်နှလရှိပြီဆိုတာနဲ့ ဘယ်အချိန် မွေးမယ်ဆိုတာကို ဆရာဝန်၊ သားဖွားဆရာမတွေက တွက်ပေးနိုင်ပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ပါ။ ကျန်းမာရေးနဲ့အညီ စားသောက်ပါ။ ကဖင်း ရှောင်ပါ၊ မရှောင်နိုင်ရင် တစ်နေ့ကို ကော်ဖီ (သို့) လက်ဖက်ရည် ၂ ခွက်လောက်ပဲ သောက်ပါ။ အရက်၊ ဆေးလိပ်နဲ့ တရားမဝင်ဆေးဝါးတွေကို မသုံးစွဲပါနဲ့။ ဆရာဝန်၊ သားဖွားဆရာမက သောက်လို့ရတယ်လို့ပြောမှ ဆေးကို သောက်ပါ။
● လေ့ကျင့်ခန်း များများလုပ်ပါ။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှသာပဲ ကလေးမွေးရ လွယ်ကူစေသလို မွေးပြီးရင်လည်း မြန်မြန်ကျန်းမာလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
>> တခြား ဘာစစ်ဆေးမှုတွေ လုပ်သင့်သေးသလဲ?
ကိုယ်ဝန်မဆောင်မီမှာ အခြားကျန်းမာရေးပြဿနာတွေကိုလည်း သေချာဂရုစိုက်ရပါမယ်။
● ဆီးချို၊ သွေးတိုးရှိရင် (သို့) အဝလွန်နေရင် ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့ သေချာဆွေးနွေး တိုင်ပင်ပြီးတော့ ဒီပြဿနာတွေကို ထိန်းချုပ်နိုင်မယ့်အစီအစဉ်တွေကို ချမှတ်နိုင်ပါလိမ့်မယ်။
● မိမိသောက်နေတဲ့ဆေးတွေက ကိုယ်ဝန်ဆောင်အတွက် အန္တရာယ် ကင်း၊ မကင်းဆိုတာကို ကိုယ့်ရဲ့ဆရာဝန်၊ သားဖွားဆရာမကို မေးမြန်းပါ။
● လိုအပ်တဲ့ ကာကွယ်ဆေးတွေ အားလုံး ထိုးထားပါ။ ဒါက rubella၊ ဝက်သက်စတဲ့ ရောဂါပိုး ဝင်ခြင်းတွေကြောင့်ဖြစ်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေ၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
● မျိုးရိုးဗီဇရောဂါတွေ စစ်ဆေးဖို့လည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။
>> ကိုယ်ဝန်ရှိနေပြီလု့ိ ထင်ရင် -
● ရာသီမလာတာနဲ့ အိမ်မှာပဲ ဆီးစစ်တဲ့အတံနဲ့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးကြည့်လို့ ရပါတယ်။
● ကိုယ်ဝန်ရှိနေပြီလို့ သိတာနဲ့ ဆရာဝန် (သို့) သားဖွားဆရာမနဲ့ ပြသဖို့အတွက် ရက်ချိန်းယူပါ။ ပထမဆုံးကိုယ်ဝန် ပြသတဲ့အချိန်မှာ ကိုယ်ဝန်ဆောင် ကျန်းမာရေးအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေကို လုပ်ပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























