ကိုယ်အလေးချိန် ချတဲ့အခါမှာ မှားယွင်းနေတဲ့နည်းလမ်းတွေ
အစားအစာနဲ့ လေ့ကျင့်ခန်းလုပ်တာ မပါဘဲနဲ့ 8kg လောက် ချကြမယ်။ သဘာဝလက်ဖက်ရည် သောက်ပြီး တစ်ပတ်ကို ၂ ပေါင် ချကြမယ် စတဲ့နည်းတွေကို ယုံပါသလား။ ကိုယ်အလေးချိန် ချတဲ့နေရာမှာ မှားယွင်းနေတဲ့နည်းလမ်းတွေကို ကြည့်ကြရအောင်။
● တုန်ခါစက်၊ အပူကုထုံး (vibrating machines/heat therapy) - အားကစားခန်းမတွေ အတော်များများမှာ ဒီ vibrating machine ကို သုံးကြပါတယ်။ ဒါက တကယ်တော့ အဆီတွေကို မကျစေပါဘူး။ တုန်ခါစက်က ကြွက်သားတွေ ကျုံ့ဖို့ ကူညီပေးတာပါ။ အသက်ရှူတာမှာ ကယ်လိုရီ လောင်သလောက်ပဲ ဒါကလည်း လောင်ကျွမ်းစေပါတယ်။ အပူပေးတဲ့နည်းကလည်း အတူတူပါပဲ။ ဒါက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကို ယာယီလျော့သွားစေလို့ ကိုယ်အလေးချိန် ကျသွားစေတာပါ။
● ဖြည့်စွက်စာတွေ - ဖြည့်စွက်စာတွေ၊ ဆေးတွေ၊ ဆေးဖက်ဝင်ကုထုံးတွေက ကိုယ်အလေးချိန် ကျစေတယ် ဆိုတာကလည်း လူအများကြားမှာ ပျံ့နှံ့နေတဲ့ ခံယူချက်တွေပါ။ ဒီဆေးတွေက အဆီစုပ်ယူမှုကို ပိတ်လိုက်ပြီးတော့ အစာ စားချင်စိတ်ကို ကျဆင်းစေပါတယ်။ ဒီဆေးတွေမှာက ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ လေပွလေထခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။ ဒီပိန်ဆေးအများစုမှာဆိုရင် အစားအသောက်နဲ့ ဆေးဝါးလုပ်ငန်း ကနေတားမြစ်ထားတဲ့ Ephedra ဆိုတာပါပြီး ဒါက တက်ခြင်းနဲ့ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
● Diets တွေ - Detox diet, GM diet, ဆားမပါတဲ့ diet, mono diet, ငှက်ပျောသီး စားပြီး ချတဲ့ diet, စွပ်ပြုတ်ပဲစားတာ၊ ကစီဓာတ် လုံးဝမစားတာ စတာတွေကလည်း ကိုယ်အလေးချိန် ချတဲ့လူတွေကြားမှာ ရေပန်းစားပါတယ်။ ဒီလို diet တွေလုပ်ပြီး ကိုယ်အလေးချိန်ချရင် ကိုယ်အလေးချိန် ကျသွားပေမယ့်လည်း ဒါက တာရှည်မခံပါဘူး။ ဒါတွေက ယာယီပါပဲ။ ရေရှည်မှာ အဆီတွေကို သေချာကျဖို့ ဆိုရင်တော့ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစားအစာအုပ်စုတွေပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ စားပေးဖို့ လိုပါတယ်။ ပြီးတော့ အဆီတွေ ဖြစ်မလာအောင် အစားအစာ မစားတာမျိုး မလုပ်ဘဲနဲ့ ပုံမှန်စားပေးရပါမယ်။
ဒီတော့ ကိုယ်အလေးချိန်ကို မှန်မှန်ကန်ကန် ကျချင်ရင်တော့ ဒီအမြန်နည်းတွေကို မလိုက်ပါနဲ့။ မှန်မှန်ကန်ကန် စားသုံးပြီးတော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးတာကမှ ကိုယ်အလေးချိန်လည်း ကျ၊ ကျန်းလည်း ကျန်းမာစေတဲ့ နည်းလမ်းပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























