/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ကိုယ်အလေးချိန်-တက်တက်နေတာ-လက်စသတ်တေ့ာ-သူ့လက်ချက်

ကိုယ်အလေးချိန် တက်တက်နေတာ လက်စသတ်တေ့ာ သူ့လက်ချက်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အလာဘာမားပြည်နယ်က အမျိုးသမီးတစ်ယောက် ဝိတ် ဘယ်လိုလျှော့လျှော့ လျှော့မရဖြစ်နေသတဲ့။ နောက်ဆုံး တရားခံကတော့ ပေါင် ၅၀ လောက်ရှိတဲ့ သားဥအိမ် အလုံးကြီးကြောင့်ပါတဲ့။

          ဒီအသက် ၃၀ အရွယ်ရှိတဲ့ Kayla Rahn ဆိုတဲ့ အမျိုးသမီးဟာ ဗိုက်အောင်အောင့်နေပြီး ဝိတ်တိုးလာတာ လနဲ့ချီနေပါပြီ။ ပြီးတော့ လမ်းလျှောက်တာလိုမျိုး နေ့တိုင်းလုပ်နေကျအလုပ်တွေ လုပ်ရင်တောင် မောမောနေတတ်သေးတယ်။

          ဆရာဝန်တွေကတော့ ကိုယ်အလေးချိန်ပဲ ချခိုင်းကြတယ်။ ဒါပေမဲ့ ဘယ်လိုချချ ချလို့မရနိုင်ဘူး။ တဖြည်းဖြည်းနဲ့ ပိုတောင်တိုးလာသေးတယ်။

          တစ်ရက်တော့ အရမ်းနာလာပြီး အရေးပေါ်ကို ရောက်သွားတော့တယ်။ အဲဒီရောက်တေ့ာမှ သားဥအိမ်တစ်ဖက်မှာ ပေါင် ၅၀ လောက်ရှိတဲ့ အသားလုံးကြီးကို သွားတွေ့တာပေါ့။

          သူ့မှာဖြစ်တဲ့ သားဥအိမ်အသားလုံးဟာ သားဥအိမ် အပြင်ဘက်ဆုံးအလွှာကနေ ဖြစ်လာတဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုး Mucinous cystadenoma ဆိုတာပါပဲ။ သားဥအိမ် အသားလုံး အမျိုးအစားတွေထဲမှာ ၁၅% လောက် ဖြစ်တတ်တယ်။

          ဒီအလုံးတွေထဲမှာ ဂျယ်လီလို အရည်ချွဲပျစ်ပျစ်တွေ စုပုံနေပြီး ပေါင် ၃၀၀ လောက်ထိတောင် ကြီးနိုင်တယ်လို့ ပြောတယ်။ ဟိုတလောကလည်း ကွန်နက်တီကပ်ပြည်နယ်က အမျိုးသမီးတစ်ယောက်မှာ ၁၃၂ ပေါင်ရှိတဲ့ အလားတူအလုံးမျိုး ထုတ်လိုက်ရသေးတယ်လို့ ကြားရတယ်။

          များသောအားဖြင့်တော့ အသက် ၂၀ နဲ့ ၄၀ ကြားမှာ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဆယ်ကျော်သက်တွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာလည်း ဖြစ်တာကို တွေ့ရတယ်။

          Kayla Rahn ရဲ့ ဆရာဝန်ကတော့ ဒီလိုအသားလုံးမျိုး မကြာခဏ မြင်ဖူးပေမယ့် ဒီလောက် ကြီးတာကြီးတော့ မမြင်ဖူးဘူးလို့ တအံ့တသြပြောတယ်။

          အရင်လက ခွဲစိတ်ထုတ်လိုက်ပြီး အခုတော့ နာလန်ထနေပါပြီ။ အရင်က မတော်တော့တဲ့အဝတ်တွေတောင် အခုပြန်တော်နေပြီပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)