ချင်းလက်ဖက်ရည် (သို့) ဓမ္မတာကိုက်ခဲမှုအတွက် အိမ်တွင်းနည်းလမ်း
ချင်းဟာကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး သဘာ၀ပစ္စည်းများထဲက တစ်ခုဖြစ်ပါတယ်။ ချင်းကိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အာရှ၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဆေးအဖြစ် သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ ချင်းမှာအရောင်ကျစေတဲ့ အစွမ်းသတ္တိနဲ့ အော့အန်တာကို သက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။ ဓမ္မတာလာချိန်မှာ အကိုက်အခဲကိုလည်း သက်သာစေတာကြောင့် အမျိုးသမီးတွေအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုတခါမှာ ချင်းကဓမ္မတာလာစဉ် ကိုက်ခဲခြင်းကို သက်သာစေတဲ့အကြောင်းရင်းနဲ့ သုံးဆောင်ပုံတို့ကို ဗဟုသုတအဖြစ် ဖော်ပြလို်ပါတယ်။
ချင်းမှာအိုက်ဘူပရိုဖန် (Ibuprofen) ကဲ့သို့သော ဆေးဝါးများနည်းတူ အကိုက်အခဲပျောက်စေတဲ့ အာနိသင်ရှိပါတယ်။ ချင်းက Prostaglandin ထုတ်လုပ်မှုလမ်းကြောင်းကို တားဆီးပေးနိုင်တာကြောင့် ဓမ္မတာလာစဉ် ကိုက်ခဲမှုဝေဒနာကို သက်သာစေမှာဖြစ်ပါတယ်။ Prostaglandin ဆိုတာ အမျိုးသမီးများ ရာသီလာချိန်မှာထွက်လာတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး သားအိမ်ကျုံ့အားကို ကောင်းစေပါတယ်။ Prostaglandin ဟော်မုန်းများတဲ့ အမျိုးသမီးတွေက ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှုကို အခြားအမျိုးသမီးများထက် ပိုမိုခံစားရပြီး ရာသီသွေးလည်းပိုများလေ့ရှိပါတယ်။ ချင်းက ၎င်းဟော်မုန်းထုတ်လုပ်မှုကို တားဆီးပေးနိုင်တာကြောင့် ချင်းလက်ဖက်ရည် သောက်သုံးခြင်းက အမျိုးသမီးများရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေမှာဖြစ်ပါတယ်။ ချင်းလက် ဖက်ရည်ပြုလုပ်နည်းကလည်း လွယ်ကူရှင်းလင်းပါတယ်။ အခွံနွှာပြီးသားချင်းကို အတုံးသေးသေးလေးတွေဖြစ်အောင်တုံးပါ။ ထို့နောက် ရေတစ်ခွက်လျှင် ချင်းလက်ဖက်ရည်ဇွန်း 2 ဇွန်းနှုန်းနှင့် တွက်ချက်ပြီး ချင်းကိုရေထဲထည့်ပြုတ်ပါ။ ရေဆူပါက အပူချိန်လျော့ပြီး မီးအေးအေးနဲ့ တစ်နာရီခန့် ဆက်ပြုတ်ထားပေးပါ။ ထို့နောက် အရည်စစ်ပြီး ချင်းလက်ဖက်ရည်ကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ချင်းလက်ဖက်ရည်ကို ကိုယ်တိုင်မလုပ်နိုင်ပါက စူပါမားကတ်မှာရှိတဲ့ အသင့်ဖျော် ချင်းလက်ဖက်ရည်ထုတ်ကို ၀ယ်ယူသောက်သုံးနိုင်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























