ချစ်တင်းနှောပြီးချိန်ဝယ် …
ချစ်တင်းနှောပြီးခါစမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲလေးတွေကို တော်ရုံတန်ရုံ သတိပြုမိကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အတူနေပြီးခါစမှာ ဟိုနားနာသလို ဒီနားကိုက်သလို မရိုးမရွ ခံစားမှုလေးတွေ ဖြစ်ပေါ်တတ်ကြပါတယ်။
သတိပြုရမယ့်အချက်ကတော့ လိင်ဆက်ဆံတယ် ဆိုတာဟာ လူနှစ်ဦးနှစ်ယောက် ခန္ဓာကိုယ်နှစ်ခု ပေါင်းစပ်ရတာ ဖြစ်တဲ့အတွက် ဆက်ဆံပြီးချိန်မှာ နီရဲပြီး ပူရှိန်းရှိန်းဖြစ်လာတာ၊ ဆီးပူလာတာ စတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်တုံ့ပြန်မှုတွေသာ ဖြစ်တဲ့အတွက် ကြောက်လန့်စရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဒီလိုလက္ခဏာတွေဟာ ဆက်ဆံပြီးတိုင်းမှာ ပေါ်ပေါ်လာတတ်တယ် ဆိုရင်တော့ စိတ်ချရအောင် ကျွမ်းကျင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ချစ်တင်းနှောပြီးခါစမှာ ဖြစ်ပေါ်တတ်တဲ့ တုံ့ပြန်မှုတွေကတော့ …
1. အနည်းငယ် နာကျင်လာတတ်ပါတယ်။
ကိုယ့်ချစ်သူနဲ့ အတူမနေခင်၊ နေတုန်းနဲ့ ပြီးသွားတဲ့အချိန်မှာ မိန်းမကိုယ် နာကျင်မှုကို ခံစားရတတ်ပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီးကတော့ ဒါဟာ ပုံမှန်တုံ့ပြန်မှု တစ်ခုသာဖြစ်ပြီး လိင်ဆက်ဆံနေစဉ်မှာ ဦးနှောက်က ထွက်လာတ့ဲ Oxytocin ဟော်မုန်းကြောင့် သားအိမ်ညှစ်အား များလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နာကျင်မှုဟာ ပိုမိုဆိုးရွားလာမယ်၊ တောက်လျှောက်နာလာမယ် ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကို အပြေးသွားပြသင့်ပါတယ်။
2. သွေးစသွေးနလေးတွေ ထွက်လာတတ်ပါတယ်။
ချစ်တင်းနှောပြီးချိန်မှာ ရာသီလာချိန် မဟုတ်ပါဘဲ သွေးစလေးတွေ ဆင်းလာမယ်ဆိုရင် ရုတ်တရက် လန့်သွားကြမှာပါ။ စွနး်တယ်ဆိုရုံလေး ထွက်တဲ့သွေးကတော့ မပြောပလောက်ပါဘူး။ ဆက်ဆံပြီးချိန်မှာ သားအိမ်ခေါင်း ရောင်ရမ်းခြင်းကြောင့် ထွက်လာတာ ဖြစ်နိုင်သလို မိန်းမကိုယ်မှာ အနည်းငယ် ပွန်းပဲ့ရာကနေ ထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။ မိမိဆက်ဆံဖော်ရဲ့ လိင်တံပစ္စည်း အရွယ်အစားပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါပေမဲ့ ထွက်လာတဲ့ သွေးပမာဏ များတယ်၊ လိင်ဆက်ဆံပြီးတိုင်းမှာ ခဏခဏ ထွက်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်နေပါပြီ။
3. ဆီးသွားရင် ပူစပ်ပူလောင် ဖြစ်နေတတ်ပါတယ်။
အတူနေပြီးခါစ ဆီးသွားတဲ့အချိန်မှာ ဆီးပူတယ်လို့ ခံစားလာရတဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာ များလား၊ ကူးစက်ရောဂါတွေများ ကူးပြီလား စသည်ဖြင့် သို့လောသို့လော စိုးရိမ်တတ်ကြပါတယ်။ အကယ်၍ ဆီးပူတာ၊ နာတာ ကျင်တာဟာ သိပ်မဆိုးဘူး၊ နာရီပိုင်းလောက်မှာတင် ပျောက်သွားတယ်ဆိုရင်တော့ စိုးရိမ်စရာ မလိုအပ်ပါဘူး။ ဒါဟာ မိန်းမကိုယ် ရောင်ရမ်းနေတဲ့အတွက် သူနဲ့ ကပ်ရက်မှာရှိတဲ့ ဆီးလမ်းကြောင်းမှာ ခဏတာ နာကျင်လာတာပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ မဖြစ်ရလေအောင် ချစ်သူနဲ့ အတူမနေမီမှာ ဆက်ဆံရ လွယ်ကူစေတဲ့ ချောဆီသုံးတာမျိုး၊ အတူမနေမီနဲ့ နေပြီးပြီးချင်းမှာ ချက်ချင်း ဆီးထသွားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
4. မိန်းမကိုယ်နားတစ်ဝိုက် ယားယံလာနိုင်ပါတယ်။
မိန်းမကိုယ် အပြင်ဘက် နှုတ်ခမ်းသားတွေ၊ ပေါင်းခြမ်းနားတစ်ဝိုက်နဲ့ ဗိုက်ပေါ်မှာ နီရြဲပီး ယားယံလာတာဟာ ချောဆီ၊ ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အတူနေဖော်ရဲ့ သုတ်ရည်ကို ဓာတ်မတည့်တာလည်း ဖြစ်နိုင်ပါတယ်။
ယားယံတာ၊ နီလာတာတွေဟာ တအားမဆိုးရွားဘဲ တစ်ကြိမ်တစ်ခါမျှလောက်သာ ဖြစ်တာမျိုးကတော့ စာမဖွဲ့လောက်ပေမယ့် အင်ပြင်တွေထပြီး ဆိုးဆိုးရွားရွား ဓာတ်မတည့်ဘဲ ရောင်ရမ်းလာရင်တော့ သေချာ ဆေးကုသမှု ခံယူသင့်ပါပြီ။
5. ဆီးမထိန်းနိုင်တာမျိုး ကြုံလာရတတ်ပါတယ်။
ရုတ်တရက်ကြီး ဆီးတအား သွားချင်လာတာ၊ ဆီးမထိန်းနိုင်တာမျိုး ကြုံလာရင်လည်း မစိုးရိမ်ပါနဲ့။ ရှေ့မှာ ဖော်ပြခဲ့တဲ့ ဟော်မုန်းကြောင့် သားအိမ်ညှစ်အား များသလို ဆီးအိမ်တင်းအား များလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချိန်ပိုင်းအတွင်းမှာတင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
6. မသိုးမသန့် အန့ံဆိုးတွေ ထွက်လာတတ်ပါတယ်။
ခန္ဓာကိုယ်ကနေ ချွေးန့ံ နံတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မိန်းမကိုယ်က ညှီစို့စို့ အန့ံဆိုးဆိုးတွေ ဆင်းလာခဲ့ရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်ကုသသင့်ပါပြီ။
7. ပါးပြင်လေးတွေ နီရဲလာတတ်ပါတယ်။
Ohio တက္ကသိုလ်မှ သားဖွားမီးယပ် ပါမောက္ခကတော့ ဒီလို ပါးပြင်၊ လည်ပင်းနဲ့ ရင်ဘတ်နားတစ်ဝိုက်မှာ နီရဲလာတာမျိုးဟာ သွေးကြောမျှင်လေးတွေ ကျယ်လာတာကြောင့်လို့ ဆိုပါတယ်။ ဒါကို Sex Flush လို့ခေါ်ပြီး အတူနေစဉ်မှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
8. ပွန်းရာရှရာ အပူလောင်နာလေးတွေ ဖြစ်လာတတ်ပါတယ်။
အသားအသားချင်း ထိတွေ့ရာမှ ပွတ်တိုက်ရာ အနာလေးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အဖော်ရဲ့ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ ဆီးခုံမွေးတွေနဲ့ ပွတ်တိုက်မိရာမှ အရေပြား ထိခိုက်ရာလေးတွေ ဖြစ်လာတတ်ပါတယ်။ စိုးရိမ်စရာ မရှိပေမယ့် အချိန်အတန်ကြာတဲ့အထိ မပျောက်ကင်းနိုင်ရင်တော့ နီးစပ်ရာဆေးခန်းမှာ ကုသမှု ခံယူသင့်ပါတယ်။
9. မိန်းမကိုယ်ကနေ သုတ်ရည်တွေ ပြန်စိမ့်ထွက်လာတတ်ပါတယ်။
ကွန်းဒုံးနဲ့ နေတာမျိုး မဟုတ်ခဲ့ရင် သုတ်ရည်တွေဟာ မိန်းမကိုယ်ကနေ ပြန်ထွက်လာတတ်ပါတယ်။ သုတ်ရည်ဆိုတာ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်တတ်တဲ့အရာမျိုး မဟုတ်တဲ့အတွက် ပိုလျှံထွက်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတူနေပြီးချိန်မှာ မိန်းမကိုယ်ကို သေချာဆေးကြော သုတ်သင်သင့်ပါတယ်။
10. ခံစားမှုပေါင်းစုံ ရောပြွမ်းလာမယ်။
တကယ်လို့ အတူနေပြီးခါစမှာ ရုတ်တရက် စိတ်အားငယ် စိတ်ပျက်လာမယ်၊ စိတ်တို စိတ်အလိုမကျ ဖြစ်လာမယ်၊ ဒါမှမဟုတ် တိမ်ပေါ် ပျံတက်ချင်လောက်အောင် မြူးပျော်လာတာမျိုးတွေ ဖြစ်လာခဲ့ရင်တော့ ဟော်မုန်းတွေကိုသာ အပြစ်တင်လိုက်ပါ။ ဒီလို ရုတ်တရက် စိတ်မှုန်မှိုင်း ညစ်ညူးသွားတာဟာ ချစ်စိတ်ဆန္ဒ ပြေပျောက်ပြီးချိန်မှာ Dopamine ဆိုတဲ့ ဟော်မုန်းဓာတ်တွေ လျော့နည်းသွားလု့ိသာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ရုတ်တရက် စိတ်အားတက်ကြွ မြူးပျော်လာတာတွေဟာလည်း Oxytocin ဆိုတဲ့ ဟော်မုန်းတွေ ထွက်လာတာကြောင့်သာ ဖြစ်ပါတယ်။ ဒီလို စိတ်အပြောင်းအလဲ ဖြစ်တာတွေဟာ ပုံမှန်လက္ခဏာရပ်တွေ ဖြစ်ပေမယ့် ချစ်သူနှစ်ဦး ချစ်လမ်းခရီးကို အတားအဆီး ဖြစ်လာခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























