/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/စပျစ်သီးသနေ္ဓ

စပျစ်သီးသနေ္ဓ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဆေးပညာ အသုံးအနှုန်းအရ Hydatidiform mole လို့ခေါ်တဲ့ စပျစ်သီးသနေ္ဓ ဆိုတာဟာ ပုံမှန်အချင်းအဖြစ်ကို ကြီးထွားလာရမယ့် trophoblasts တွေ ပုံမမှန် ကြီးထွားလာတတ်တဲ့ ရှားရှားပါးပါး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

          စပျစ်သီးသနေ္ဓ နှစ်မျိုး ရှိပါတယ်။ လုံးဝဥဿုံဖြစ်တဲ့ စပျစ်သီးသနေ္ဓနဲ့ တစ်ဝက်တစ်ပျက်မျှသာဖြစ်တဲ့ စပျစ်သီးသနေ္ဓတို့ပဲ ဖြစ်ပါတယ်။ လုံးဝဥဿုံ စပျစ်သီးသနေ္ဓ တည်တဲ့အခါ အချင်းဟာ ပုံမမှန်ဖောင်းလာပြီး အရည်အိတ်တွေ ဖြစ်လာတတ်ပါတယ်။ တကယ့်သနေ္ဓသားတော့ မရှိပါဘူး။ တစ်ဝက်တစ်ပျက်မျှ စပျစ်သီးသနေ္ဓတည်တဲ့အခါ ပုံမမှန်အချင်းတွေကြားထဲမှာမှ ပုံမှန်အချင်းတွေ ရှိနေနိုင်သလို သနေ္ဓသားလေးလည်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သနေ္ဓသားလေးဟာတေ့ာ အသက်ရှင်သန်ခြင်းမရှိဘဲ ကိုယ်ဝန်အစောပိုင်းမှာတင် ပျက်ကျသွားတတ်ပါတယ်။

          စပျစ်သီးသနေ္ဓဟာ ကြောက်ရတတ်ပြီး ကင်ဆာအပါအဝင် နောက်ဆက်တွဲဆိုးကျိုးတွေ အများအပြား ရှိနေတဲ့အတွက် စောစောကုသဖို့ လိုနိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          စပျစ်သီးသနေ္ဓဟာ အစပိုင်းမှာ ရိုးရိုးကိုယ်ဝန်အတိုင်း ရှိတတ်ပေမယ့် အများစုမှာ -

●        ကိုယ်ဝန်ပထမကာလအတွင်းမှာ သွေးအနီပုပ်ပုပ် သို့မဟုတ် အနီရဲရဲတွေ ဆင်းခြင်း

●        အလွန်အမင်း ပျို့ခြင်း၊ အန်ခြင်း

●        တစ်ခါတစ်ရံ စပျစ်သီးလို အရည်အိတ်တွေ မိန်းမကိုယ်ကဆင်းခြင်း

●        တင်ပါးဆုံနားမှာ နာကျင်၊ ဖိအား ခံစားရတတ်ခြင်း စတဲ့ လက္ခဏာရပ်တွေ ခံစားရတတ်ပါတယ်။

 

          ဒီလိုလက္ခဏာ တစ်စုံတစ်ရာ ကြုံတွေ့လာရပါက ဆရာဝန်၊ ဆရာမတွေကို အကြောင်းကြားသင့်ပါတယ်။ ဆရာဝန်၊ ဆရာမတွေ စမ်းသပ်ရာမှ -

●        သားအိမ်ဟာ ကိုယ်ဝန်ပတ်ထက်စာရင် ပိုပြီးကြီးထွားနေခြင်း

●        သွေးတိုးနေခြင်း

●        သွေးဆိပ်တက်ခြင်း (ကိုယ်ဝန်အပတ် 20 ကျော်မှာ သွေးတိုးပြီး ဆီးထဲ အသားဓာတ်တွေ ပါလာတတ်တဲ့ အခြေအနေ)

●        သားဥအိမ်အရည်အိတ်တွေ

●        သွေးအားနည်းခြင်း

●        သိုင်းရွိုက်ဓာတ်တွေ များနေခြင်း စတဲ့လက္ခဏာတွေကို ထပ်ပြီး တွေ့ရှိရပါလိမ့်မယ်။

 

>>    ဖြစ်လာတဲ့ဖြစ်စဉ်များ

          စပျစ်သီးသနေ္ဓဟာ ပုံမမှန်မျိုးအောင်လာတဲ့ သားဥကြောင့် ဖြစ်လာတာပါ။ လူတစ်ယောက်ရဲ့ ဆဲလ်တိုင်းမှာ chromosone လို့ခေါ်တဲ့ မျိုးရိုးဗီဇ သယ်ဆောင်တဲ့ပစ္စည်းတွေဟာ 23 စုံ ရှိရပါတယ်။ ဒီအစုံတွေမှာ တစ်ခုက အဖေ့ဆီကလာပြီး နောက်တစ်ခုက အမေ့ဆီက လာပါတယ်။

          လုံးဝဥဿုံဖြစ်တဲ့ စပျစ်သီးသနေ္ဓမှာ Chromosome မပါတဲ့ အမေ့သားဥနဲ့ အဖေ့သုတ်ကောင် တစ်ကောင် သို့မဟုတ် နှစ်ကောင် ပေါင်းမိပြီး အမေ့ဆီကသာ မျိုးရိုးဗီဇတွေ ရရှိလာပါတယ်။ ဒီအခြေအနေမှာ အမေ့မျိုးရိုးဗီဇတွေ ပျောက်ပျက်ပြီး အဖေ့ chromosome ကသာ နှစ်ဆပွားလာပါတယ်။  

          တစ်ဝက်တစ်ပျက်ဖြစ်တဲ့ စပျစ်သီးသနေ္ဓမှာတော့ အမေ့ Chromosome က ပုံမှန်ပေမယ့် အဖေ့ဆီက chromosome တစ်ဝက်သာ ရောက်ရမယ့်အစား တစ်စုံစီ ရောက်လာပါတယ်။ ဒါကြောင့် ကလေးဆီမှာ chromosome ပုံမှန် 46 ခု မဟုတ်ဘဲ 69 ခု ဖြစ်သွားပါတယ်။ ဒီလိုအခြေအနေမျိုးဟာ သုတ်ကောင် 2 ကောင်က သားဥကို လာပေါင်းတဲ့အခါ ဖြစ်တတ်ပြီး အဖေ့မျိုးရိုးဗီဇ အပိုတစ်စုံစီ ရှိနေတတ်ပါတယ်။

 

>>    ဖြစ်နှုန်း

          အကြမ်းဖျင်း ကိုယ်ဝန်ဆောင်အယောက် 1000 မှာ 1 ယောက်နှုန်းနဲ့ ဖြစ်တတ်ပြီး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။

●        အမေ့အသက်

          စပျစ်သီးသနေ္ဓဟာ အသက် 35 နှစ်ထက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ အသက် 20 အောက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

 

●        အရင်က ဖြစ်ဖူးသူတွေ

          စပျစ်သီးသနေ္ဓ တစ်ကြိမ်ဖြစ်ဖူးသူတွေဟာ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပျမ်းမျှ အမျိုးသမီး 100 မှာ 1 ယောက် ဖြစ်နိုင်ခြေ ရှိပါတယ်။

 

>>    ဘေးထွက်ဆိုးကျိုးများ

          စပျစ်သီးသနေ္ဓကို ဖယ်ရှားပြီးနောက်မှာတောင် စပျစ်သီး အချင်းတစ်သျှူးတွေဟာ ဆက်ပွားနေပြီး ဒီအခြေအနေကို Persistent gestational trophoblastic disease (GTN) လို့ ခေါ်ပါတယ်။ ဒီအခြေအနေဟာ လုံးဝဥဿုံဖြစ်တ့ဲ စပျစ်သီးသနေ္ဓတွေရဲ့ 15%-20% မှာ ဖြစ်တတ်ပြီး တစ်ဝက်တစ်ပျက် စပျစ်သီးသနေ္ဓတွေရဲ့ 5% လောက်မှာ ဖြစ်နိုင်ပါတယ်။

          ဒီအခြေအနေရဲ့ လက္ခဏာတစ်ခုကတော့ စပျစ်သီးသနေ္ဓကို ဖယ်ရှားပြီးသည့်တိုင်အောင် HCG လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး တက်နေတုန်း ဖြစ်တာကို တွေ့ရပါတယ်။ တချို့လူတွေမှာ ဒီပုံမမှန်တစ်သျှူးတွေဟာ သားအိမ်အလယ်လွှာထဲကို တိုးဝင်ပြီး မိန်းမကိုယ်ကနေ သွေးဆင်းစေတတ်ပါတယ်။

          ဒီရောဂါကို ကင်ဆာဆေးသွင်းခြင်းဖြင့် ပျောက်ကင်းလုနီးပါးဖြစ်အောင် အမြဲကုသနိုင်ပါတယ်။ နောက်ကုသနည်း တစ်ခုကတော့ သားအိမ်ကို ဖြတ်ထုတ်ပစ်တာပဲ ဖြစ်ပါတယ်။

          ရှားရှားပါးပါး GTN ရဲ့ ကင်ဆာပုံစံဖြစ်တဲ့ choriocarcinoma ဆိုတာ ဖြစ်လာနိုင်ပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်ပွားနိုင်ပါတယ်။ ဒီကင်ဆာဟာလည်း ကင်ဆာဆေးတွေ အများကြီးသွင်းပြီး ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ အထူးသဖြင့် တစ်ဝက်တစ်ပျက်ဖြစ်တဲ့ စပျစ်သီးသနေ္ဓထက်စာရင် လုံးဝဥဿုံဖြစ်တဲ့ စပျစ်သီးသနေ္ဓမှာ ပိုဖြစ်နိုင်ပါတယ်။

 

>>    ကာကွယ်ရန်

          စပျစ်သီးသနေ္ဓ တည်ခဲ့ဖူးရင် နောက်တစ်ကြိမ် ကိုယ်ဝန်မဆောင်မီ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဆရာဝန်တွေက နောက်ထပ်ကလေးမယူခင် 6 လမှ 1 နှစ်လောက်ထိ စောင့်ခိုင်းတတ်ကြပါတယ်။ ပြန်ဖြစ်နှုန်းက နည်းပေမယ့် မဖြစ်ဖူးတဲ့ အမျိုးသမီးတွေထက်စာရင်တော့ ပိုများပါတယ်။ နောက်ကိုယ်ဝန်တွေမှာ ဆရာဝန်က ရောဂါ ပြန်ဖြစ်၊ မဖြစ် သိရအောင် အာထရာစောင်း စောစောရိုက်ပေးပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ် မျိုးရိုးဗီဇစစ်ဆေးနည်းတွေကိုလည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)