/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ညဘက်အလုပ်လုပ်တာက-သွေးဆုံးချိန်ကို-စောစေပါတယ်

ညဘက်အလုပ်လုပ်တာက သွေးဆုံးချိန်ကို စောစေပါတယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

နေ့ဘက်မှာအလုပ်လုပ်ပြီး ညဘက်မှာအိပ်ကြဖို့ သဘာဝတရားကြီးက ဖန်တီးပေးထားတာပါ။ ညဘက်အလုပ်လုပ်ရတာတွေက သဘာဝနဲ့မကိုက်ညီပါဘူး။ ညဘက်တွေမှာအလုပ်လုပ်ရတာက ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိစေပါတယ်။ အမျိုးသမီးတွေမှာဆိုရင် စောစောသွေးဆုံးနိုင်ချေ များစေတယ်လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတွေ့ရပါတယ်။

Human Reproduction ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုရဲ့အဆိုအရဆိုရင် မကြာခဏ ညဆိုင်းအလုပ်လုပ်ရတဲ့အမျိုးသမီးတွေက စောစောသွေးဆုံးနိုင်ချေများသလို နှလုံးသွေးကြောရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပြသနာတွေကို ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လ ၂၀ နဲ့အထက် ဆက်တိုက် ညဘက်တွေမှာ အလုပ်လုပ်ရတဲ့အမျိုးသမီးတွေအနေနဲ့ စောစီးစွာ သွေးဆုံးနိုင်ချေ ၉% ပိုများပါတယ်။

အသက် ၄၅ နှစ်မတိုင်ခင် သွေးဆုံးတဲ့အမျိုးသမီးတွေမှာဆိုရင် ညဘက်အလုပ်လုပ်ရခြင်းက အရေးကြီးတဲ့ကဏ္ဌက ပါဝင်နေပါတယ်။ ဒါက ဇီဝကမ္မစည်းချက်၊ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ညဘက်အလုပ်လုပ်ရတဲ့အခါမှာ ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ဟော်မုန်းတွေကြောင့် အီစရိုဂျင်ကဲ့သို့သော မဟော်မုန်းကိုသွားနှောင့်ယှက်ပြီးတော့ သားဥကြွေတာကို ရုတ်တရက်ရပ်တန့်စေပါတယ်။

အောက်ပါအကြောင်းအရာတွေကြောင့်လည်း ညဘက်အလုပ်လုပ်တာတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါယ်။

•       ပုံမှန်အိပ်စက်မှုစည်းချက်ကို ပျက်စေပါတယ်။

ညဘက်အလုပ်လုပ်ရတာက သဘာဝစည်းချက်နဲ့ ဆန့်ကျင်နေပါတယ်။ ညဘက်မှာအိပ်ရေးဝဝအိပ်စက်ဖို့က ကျန်းမာဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အိပ်နေတုန်းမှာမှ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုဖယ်ထုတ်၊ ထိခိုက်ဒဏ်ရာတွေကိုပြုပြင်ပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာပါ။ ဒါပေမယ့် ညဘက်အလုပ်လုပ်ရတဲ့အခါမှာတော့ ဒီဖြစ်စဉ်ကိုသွားနှောင့်ယှက်ပြီးတော့ ကျန်းမာရေးကိုထိခိုက်စေပါတယ်။

•       နှလုံးတိုက်ခိုက်ခံနိုင်ရချေကိုမြင့်တက်စေပါတယ်။

ညဆိုင်းအလုပ်လုပ်တာက heart attack ရနိုင်ချေကို ၇% မြင့်တက်စေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိရပါတယ်။ နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို များစေတဲ့အခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့်အညီ မစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ ကိုယ်အလေးချိန််တက်လာခြင်းတို့ ဖြစ်ကြပါတယ်။

•       စိတ်ဓာတ်ကျဆင်းစေပါတယ်

ညဘက်အလုပ်လုပ်ရတဲ့အခါမှာ သဘာဝစည်းချက်တွေပျက်ပြီးတော့ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ညဘက်အလုပ်လုပ်ရတဲ့အခါမှာ လူမှုဆက်ဆံရေးဆိုင်ရာတွေနဲ့ကင်းကွာပြီးတော့ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုရှိစေပါတယ်။

•       အဝလွန်နိုင်ချေကိုများစေပါတယ်။

လေ့လာမှုအရ ညဘက်အလုပ်လုပ်တဲ့သူတွေက ဗိုက်မှာအဆီတွေစုပြီးတော့ ဝလာစေပါတယ်။ ညဘက်အမြဲအလုပ်လုပ်ရသူတွေမှာ နေ့ဆိုင်း၊ ညဆိုင်းပြောင်းပြီး လုပ်နေရတဲ့သူတွေထက်ပိုပြီးဝနိုင်ချေများပါတယ်။

ညဆိုင်းအလုပ်သမားတွေမှာဘာကြောင့်ဝရလဲဆိုရင် အစာစားတာကျန်းမာရေးနဲ့ မညီဘူး၊ ပြီးတော့ လေ့ကျင့်ခန်းမလုပ်တာတွေနဲ့ ဟော်မုန်းမညီမျှမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ညဆိုင်းအလုပ်လုပ်ရတဲ့သူတွေမှာ leptin လို့ခေါ်တဲ့ အစာစားချင်စိတ်ကိုထိန်းချုပ်ပေးတဲ့ ဟော်မုန်းပမာဏကိုနည်းစေတဲ့အတွက် နေ့ဘက်လုပ်ရသူတွေထက် ဗိုက်ပိုဆာပြီးတော့ ပိုစားမိစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)














Dr. Mya Myo Myo Swe (www.drmyanmar.com)