တစ်လတစ်ခါေ၀ဒနာမှ သက်သာစေဖို့ရာ
အမျိူးသမီးများဟာ တစ်လတစ်ခါပေါ်ပေါက်သောေ၀ဒနာကို ပုံစံမတူအောင် ခံစားရတတ်ပါတယ်။ ထိုသို့ ရာသီသွေးမပေါ်ခင် ခံစားရတဲ့ရောဂါလက္ခဏာစု (premenstrual syndrome) ထဲမှာ ရေဓာတ်စုပုံ များပြားခြင်း (Water retention) ဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ေ၀ဒနာတစ်ခုဖြစ်ပါတယ်။
Water retention ဟာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။ ရာသီမလာခင် ခံစားရတတ်ပြီး ခန္ဓာကိုယ်အတွင်းရေဓာတ်ပြည့်နေတာကြောင့် ပြည့်အင့်အင့်ဖြစ်ခြင်းကိုခံစားရကာ ဟော်မုန်းပြောင်းလဲမှုရှိတဲ့ အတွက် စိတ်ခံစားချက်ပြောင်းလဲခြင်းကိုလည်းဖြစ်စေပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းက water retention ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုပေမယ့် ဗီတာမင်ဓာတ်ချို့တဲ့တာ၊ ဆားစားသုံးတာများခြင်းကြောင့်လဲ water retention ဖြစ်စေနိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံကိုဂရုစိုက်ပါက ရာသီမလာခင်ကြုံတွေ့ရလေ့ရှိတဲ့ water retention ဖြစ်ခြင်းကို လျှော့ချနိုင်ပါတယ်။ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ အစေ့အဆန်၊ ကောက်နှံ ပါ၀င်သောအစားအစာ စတာတွေကိုစားပေးသင့်ပြီး အငန်လျှော့စားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိဖို့ လိုအပ်ပြီး ကဖင်းဓာတ်ပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် များများသောက်ခြင်း ကို ရှောင်ရမှာဖြစ်ပါတယ်။
တကယ်လို့ နေထိုင်စားသောက်မှုပုံစံပြောင်းပြီးနေကြည့်တာတောင် water retention ဖြစ်ခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ခံစားရတဲ့ရောဂါလက္ခဏာပြင်းထန်မှု အပေါ်မူတည်ပြီး သောက်ဆေးအကူအညီ ယူပေးလို့ရပါတယ်။ ဆီးရွှင်ဆေးကိုသောက်ခြင်းဖြင့် ဆီးများများသွားစေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရေ ဓာတ်တွေများနေခြင်းကြောင့်ဖြစ်စေတဲ့ ဗိုက်ပြည့်၊ ဗိုက်ကယ်ခြင်းကို သက်သာစေပါတယ်။ Ibuprofen ဒါမှမဟုတ် အခြားအကိုက်အခဲပျောက်ဆေးတွေနဲ့ ဆီးရွှင်ဆေးကိုတွဲသောက်ပါက ကျောက်ကပ် ပျက်စီးစေနိုင်တယ်ဆိုတာကိုတော့ သိရှိထားသင့်ပါတယ်။
ဗီတာမင်၊ သတ္တုဓာတ်တွေချို့တဲ့မနေစေဖို့အတွက် ဖြည့်စွက်အားဆေးတွေသောက်ပေးရမှာဖြစ်ပေမယ့် ခန္ဓာကိုယ်မှာ ပိုလျှံသွားပါကလည်း ဘေးထွက်ဆိုးကျိုးရှိစေနိုင်တာကြောင့် ဆရာ၀န်ညွှန်ကြားချက် အတိုင်း သောက်တာအကောင်းဆုံးဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရရင် ခန္ဓာကိုယ်ထဲမှာဗီတာမင် E များလွန်းနေတဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါ ၊ ဆီးချို သွေးချိုရောဂါ ဖြစ်နိုင် တာကြောင့်ပါ။ နေထိုင် စားသောက်မှုပုံစံပြောင်းလဲပြီး သောက်ဆေးအကူအညီယူသော်လည်း water retention ဆက်လက်ခံစားရပါက ဆရာ၀န်နှင့်ကုသမှုခံယူသင့်ပါတယ်။
Cho Thet






























