/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/တားဆေးရပ်ဖို့-ဆုံးဖြတ်ပြီးနောက်

တားဆေးရပ်ဖို့ ဆုံးဖြတ်ပြီးနောက်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          တားဆေးဖြတ်လိုက်ချိန်မှာပဲ ဟော်မုန်းအချိုးအဆဟာ ပုံမှန်ပြန်ဖြစ်သွားပြီး သားဥပြန်ကြွေနိုင်စွမ်း ရှိတဲ့အတွက် ချက်ချင်း ကိုယ်ဝန် ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ကလေးယူဖု့ိ မဆုံးဖြတ်ရသေးခင်မှာ ကွန်ဒုံး သို့မဟုတ် အခြားတားနည်းတစ်မျိုးမျိုးကို အသုံးပြုသင့်ပါတယ်။

          ဒါ့အပြင် တခြား ဘာတွေဖြစ်လာနိုင်သလဲ? ဒါကတော့ ဆေး ဘာကြောင့် သောက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ် မူတည်နေပါတယ်။ တားဆေးကို ကိုယ်ဝန်တားဖို့အတွက် သာမက ရာသီစက်ဝန်းမှန်အောင်၊ ရာသီသွေးနည်းအောင်၊ ရာသီိလာစဉ် ကိုက်ခဲမှု သက်သာအောင်၊ ရာသီမပေါ်ခင် လက္ခဏာများ သက်သာအောင်နဲ့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံသက်သာအောင် သုံးလေ့ရှိကြပါတယ်။ ဒါ့အပြင် မွေးရာပါ သားဥအိမ်အိတ်များ ဖြစ်ပေါ်တဲ ရောဂါအတွက်လည်း သုံးနိုင်ပါသေးတယ်။

          ဒါကြောင့် ဆေး ရပ်လိုက်တဲ့အခါ ဆေးမသောက်မီ ဖြစ်ပေါ်နေကျ လက္ခဏာများ ပြန်ပေါ်လာနိုင်ပါတယ်။ ရာသီစက်ဝန်းမမှန်ခြင်း၊ ရာသီသွေးများခြင်း၊ ရာသီလာချိန် ကိုက်ခဲနာကျင်ခြင်း၊ ဝက်ခြံများပေါက်ခြင်း အပြင် ရာသီမလာခင်ဖြစ်ပေါ်လေ့ရှိသော ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် များခြင်း၊ ရင်သားနာကျင်ခြင်း စတာတွေ ပြန်ဖြစ်လာပါလိမ့်မယ်။ ရာသီသွေးလည်း အရင်ကလို ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။

          တချို့အမျိုးသမီးတွေမှာ ဆေးဖြတ်အပြီးမှာ ပုံမှန်ပြန်ဖြစ်သွားတဲ့ ဟော်မုန်းအချိုးအဆကို ပြန်ညှိနှိုင်းယူနေရတဲ့အတွက် ရာသီသွေး တစ်လ၊ နှစ်လခန့် ပြန်မပေါ်တာမျိုးတွေ ရှိတတ်ပါတယ်။ အကယ်၍ ရာသီသွေးမပေါ်တာ 3 လလောက် ရှိပြီဆိုရင်တော့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

          ဒါ့အပြင် 20% သော အမျိုးသမီးတွေမှာ သားဥကြွေတဲ့အချိန် ဗိုက်အောက်ပိုင်းက သရိုးသရီ ခံစားရတတ်ပါတယ်။ သားဥကြွေတဲ့ အခြားလက္ခဏာတစ်ရပ်ကတော့ သားအိမ်ခေါင်းက ထွက်လာတဲ့ ချွဲလေးတွေ အတွင်းခံဘောင်းဘီမှာ ပေနေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

          တစ်ခါတစ်ရံ အချို့အမျိုးသမီးတွေမှာ ဆေးသောက်နေစဉ် ဗိုက်ပွခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လိင်မှုစိတ်ဆန္ဒ နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျသွားခြင်း၊ စိတ်ဆန္ဒ ပြန်လည်ဖြစ်ပေါ်လာခြင်း၊ စိတ်တည်ငြိမ်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရလာတတ်ကြပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိတတ်တဲ့အတွက် တစ်ယောက်အတွက် ဆေးဖြတ်လိုက်တာဟာ နေထိုင်ကောင်းစေပေမယ့် တစ်ယောက်မှာတော့ ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ။

          ဆေးဖြတ်လိုက်ခြင်းဖြင့် ဆေးရဲ့ အခြားအကျိုးတွေဖြစ်တဲ့ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ( စမ်းသပ်ဆဲ) တို့ကို ကာကွယ်ပေးနိုင်တဲ့အကျိုးကို လွတ်သွားစေနိုင်ပါတယ်။ ဒီဆေးတွေကို ပုံမှန်သောက်နေခြင်းဖြင့် အထက်ပါရောဂါတွေကို ပိုမိုကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

Dr. Emerald (www.drmyanmar.com)