တားဆေးသောက်ဖို့ မေ့သွားရင် ...
မနက်ခင်းမှာ သုတ်သီးသုတ်ပြာနဲ့ တားဆေးသောက်ဖို့ မေ့သွားဖူးပါသလား။ ခရီးသွားချိန်မှာ ဆေးထည့်ဖို့ မေ့ပြီး 1 ပတ်လောက် ဆေးမသောက်ဖြစ်တာလား။ ဒါမှမဟုတ် ဆေးရပ်ပြီး ကလေးရဖို့ ကြိုးစားနေတာပါလား။
ဘာကြောင့်ပဲ ပျက်သွားပျက်သွား၊ နှစ်နဲ့ချီပြီး ပုံမှန်သောက်နေတဲ့ဆေးကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မေ့ပြီး မသောက်မိတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီလို ဆေးသောက်ဖို့ မေ့သွားချိန် ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားသလဲ?
>> ဆေး 1 လုံး မသောက်မိရင်
စိတ်မပူပါနဲ့။ လူဆိုတာ မေ့တတ်တဲ့အမျိုး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ဆေး 1 လုံးလောက် မသောက်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။ သတိရတဲ့အချိန် ဆေးကို အမြန် ပြန်သောက်လိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။
>> ဆေး 2 လုံး မသောက်မိရင်
နောက်ရက်မှာ ဆေး 2 လုံး သောက်ပြီး ဆေးကို ပုံမှန်ပြန်သောက်သွားပါ။ ကလေးရဖို့ အခွင့်အလမ်း နည်းပါသေးတယ်။ ဒါကြောင့် အကာအကွယ်သုံးဖို့ မလိုအပ်သေးပါဘူး။ ပျို့ချင်တာ၊ သွေး အနည်းငယ် ဆင်းတာမျိုးတော့ ဖြစ်တတ်ပါတယ်။
>> ဆေး 3 လုံးနဲ့အထက် မသောက်မိတဲ့အခါ
ဒီအချိန်မှာတော့ စဒုက္ခရောက်နိုင်ပါပြီ။ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ကျဆင်းလာပြီ ဖြစ်တဲ့အတွက် ဆေးအာနိသင်ကို ကျစေနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေတဲ့အခါ အခြားသနေ္ဓတားနည်းလမ်းတွေကို အသုံးပြုရပါမယ်။ ဒါ့အပြင် သောက်လက်စဆေးကတ်ကို ဆက်မသောက်တော့ဘဲ ဆေးကတ်အသစ် ပြန်စသောက်ရပါမယ်။ ဆေး ပြန်စသောက်ပြီး တစ်ပတ်အတွင်းမှာလည်း အခြားတားနည်းတစ်မျိုးမျိုးကို အသုံးပြု ဆက်ဆံသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























