ဓမ္မတာနောက်ကျရတဲ့ အကြောင်းရင်းများ
ဓမ္မတာနောက်ကျရတာဟာ ကိုယ်ဝန်ရှိနေတာအပြင် အခြားအကြောင်းရင်းအများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ အပျိုဖော်ဝင်ခါစနဲ့ သွေးဆုံးခါနီးကလွဲလို့ သာမန်အမျိုးသမီးတွေဟာ ၂၁-၃၅ ရက်တစ်ခါ ဓမ္မတာလာလေ့ရှိပါတယ်။
ဘယ်လိုအကြောင်းရင်းတွေကြောင့် ဓမ္မတာထိန်တတ်လဲဆိုတာ ကြည့်ကြရအောင်နော်။
၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဟာ ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပျက်ယွင်းစေခြင်း၊ ဓမ္မတာကို ထိန်းချုပ်တဲ့ဦးနှောက်အစိတ်အပိုင်းကိုပါ ထိခိုက်စေခြင်းတို့ကြောင့် ဓမ္မတာမမှန် ဖြစ်စေနိုင်ပါတယ်။
၂။ ကိုယ်အလေးချိန်ကျခြင်း
အစားလုံးဝမစားခြင်း၊ အစားစားပြီး ပြန်အန်ခြင်း စတဲ့ စားသောက်ခြင်းဆိုင်ရာစိတ်ရောဂါရှိသူတွေနဲ့ ကိုယ်အရပ်နဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ၁၀% လျော့နည်းနေသူတွေမှာ ဓမ္မတာထိန်တတ်ပါတယ်။ မာရသွန်အားကစားလိုမျိုး ပြင်းပြင်းထန်ထန် အားကစားပြုလုပ်သူတွေမှာလည်း တွေ့ရတတ်ပါတယ်။
Dolfenal 1

၃။ အဝလွန်ခြင်း
ကိုယ်အလေးချိန်ကျတာလိုပဲ အဝလွန်ခြင်းလည်း ဟော်မုန်းအပြောင်းအလဲဖြစ်စေနိုင်တာကြောင့် ဓမ္မတာထိန်စေနိုင်ပါတယ်။
၄။ PCOS လို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်တည်ရောဂါစု
ယောက်ျားဟော်မုန်း အန်ဒရိုဂျင်တွေများနေတာကြောင့် သားဥအိမ်မှာ အရည်အိတ်တွေတည်ပြီး ဓမ္မတာမူမမှန် ဖြစ်လာတတ်ပါတယ်။
၅။ သန္ဓေတားဆေးများ
သန္ဓေတားဆေးတွေ စသုံးခါစတို့၊ ရပ်လိုက်ခါစတို့မှာ ဓမ္မတာမမှန်တာ ဖြစ်တတ်ပါတယ်။ တားဆေးကတ်ရပ်ပြီး၆ လလောက်အထိ ဒီလိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Dolfenal 2

၆။ နာတာရှည်ရောဂါများ
ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေဟာလည်း ဓမ္မတာစက်ဝန်းကို ထိခိုက်တတ်ပါတယ်။ သွေးတွင်းအချိုဓာတ် မငြိမ်တဲ့အခါ ဟော်မုန်းတွေကမောက်ကမဖြစ်ပြီး ဓမ္မတာမမှန်တာမျိုး ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။
၇။ အရွယ်မတိုင်မီသွေးဆုံးခြင်း
ပုံမှန်ဆိုရင် ၄၅-၅၅ နှစ်ဝန်းကျင်လောက်မှာ သွေးဆုံးလေ့ရှိပေမယ့် တချို့အမျိုးသမီးတွေမှာ အသက် ၄၀ ဝန်းကျင်လောက်ကတည်းက သွေးဆုံးတတ်ကြပါတယ်။ ဒါကြောင့် ရာသီထိန်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
၈။ သိုင်းရွိုက်ပြဿနာများ
သိုင်းရွိုက်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုထိန်းချုပ်တာမို့ သိုင်းရွိုက်ဟော်မုန်းတက်နေတာ၊ ကျနေတာဟာ ဓမ္မတာပုံမမှန်ခြင်း ဖြစ်စေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























