/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာနဲ့ပတ်သက်ပြီး-မူမမှန်ဘူးထင်ရင်-ဘာလုပ်သင့်သလဲ

ဓမ္မတာနဲ့ပတ်သက်ပြီး မူမမှန်ဘူးထင်ရင် ဘာလုပ်သင့်သလဲ ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဓမ္မတာနဲ့ ပတ်သက်ပြီးဖြစ်စေ၊ ဖွံ့ဖြိုးမှုဆိုင်ရာနဲ့ ပတ်သက်ပြီးဖြစ်စေ တစ်စုံတစ်ရာ မေးမြန်းစရာ ပေါ်လာခဲ့ရင် အကောင်းဆုံးက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မတာစက်ဝန်းမှာ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ပိုပြီးပြသသင့်ပါတယ်။ ဓမ္မတာပြဿနာအများစုဟာ မစိုးရိမ်ရတတ်ပေမယ့် သတိဆိုတာ ပိုတယ်လို့တော့ မရှိတတ်ပါဘူး။

ဆရာဝန်နဲ့ ပြသသင့်တဲ့ အချိန်တွေကတော့ -

●        ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျပြီး မျော်လင့်ချက်တွေ ပျောက်ဆုံးနေခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် တစ်ခုခု လုပ်ချင်စိတ် ဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။ ဓမ္မတာဟော်မုန်း အပြောင်းအလဲ တအားဆိုးရင်လည်း ဖြစ်တတ်ပါတယ်။

●        အသက် 15 နှစ် ရှိသည့်တိုင်အောင် ရာသီမလာသေးရင် အကြောင်းအရင်းကို ရှာဖွေကြဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။

●        ရာသီလာပြီးမှ လုံးဝရပ်သွားတာ၊ ပုံမှန်လာနေရာကနေ ကမောက်ကမတွေ ဖြစ်လာတာမျိုးရှိခဲ့ရင် ဟော်မုန်း ပုံမမှန်တာ၊ အာဟာရဓာတ် မမှန်တာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။

●        ရာသီလာတာ အရမ်းများနေတာ၊ ရက်ရှည်နေတာ၊ 21 ရက်တစ်ခါ ထပ်ထပ်လာနေတာမျိုးတွေ ဖြစ်လာခဲ့ရင်တော့ သွေးအမြောက်အများ ဆုံးရှုံးခဲ့ရင်တော့ သွေးအားနည်းရောဂါ ဖြစ်လာပြီး အားနည်းပင်ပန်းလာတတ်ပါတယ်။

●        ရာသီလာတဲ့အခါ တအားနာနေတတ်ရင် ဆရာဝန်နဲ့ ပြသပြီး ဘာကြောင့် နာနေရတယ်၊ ဘယ်လိုကုသရမယ် ဆိုတာတွေကို တိုင်ပင်ရပါမယ်။

          ရာသီလာတိုင်း နာကျင်တာ၊ ရာသီ မမှန်တာမျိုးတွေ ဖြစ်လာခဲ့ရင် စိတ်ပူစရာမလိုတာ များပေမယ့် စောစောကုမှ မြန်မြန်ပျောက်ကင်း သက်သာမှာ ဖြစ်တာကြောင့် မပေါ့မဆ အချိန်မဆွဲဘဲ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

 

Dr. Emerald (www.drmyanmar.com)