ဓမ္မတာမလာခင်နှင့် လာနေစဉ်အတွင်း နာကျင်ခြင်းလက္ခဏာများ
အမျိုးသမီးအားလုံးနီးပါးဟာ လတိုင်းလတိုင်း ဓမ္မတာမလာခင်နဲ့ လာနေစဉ်အတွင်းမှာ ဗိုက်အောက်ပိုင်းဆီးစပ်နားက နာကျင်ကိုက်ခဲမှုကို ခံစားကြရပါတယ်။ ဒီလိုနာတာဟာ သားအိမ်အတွင်းသားတွေကို သားအိမ်က ညှစ်ထုတ်နေတာကြောင့်မို့ပါ။
ပရိုစတာဂလန်ဒင်လို့ခေါ်တဲ့ ဟော်မုန်းလိုမျိုး အဆီတစ်မျိုးဟာ သားအိမ်ကို ဒီလိုညှစ်အောင် လုပ်ပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပရိုစတာဂလန်ဒင်ဟော်မုန်း များလေလေ ပိုနာလေလေပါပဲ။
ဒါတင်မက သားအိမ်က ညှစ်လိုက်တိုင်း သွေးကြောတွေပါ ကျဉ်းကျဉ်းသွားပြီး သားအိမ်က အောက်စီဂျင်မလုံလောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က နာကျင်စေတဲ့ဓာတ်တွေ ထပ်ထပ်ထုတ်လာပါတယ်။ ဒီတော့ ပိုနာတာပေါ့။
>> ဖြစ်လေ့ရှိတဲ့လက္ခဏာတွေကတော့ -
● ဗိုက်အောက်ပိုင်း ဆီးစပ်နားက တစ်စစ်စစ်နဲ့ နာကျင်တတ်ပါတယ်။
● ဓမ္မတာမလာခင် နှစ်ရက်လောက်မှာ စနာပြီး လာနေစဉ် နှစ်ရက်၊ သုံးရက်လောက်ထိ နာတတ်ပါတယ်။
● တင်းတင်းကြီးနာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
● ခါးနာတာ၊ ခြေထောက်တွေကိုက်တာလည်း ဖြစ်တတ်ပါတယ်။
● ပျို့တာ၊ ဝမ်းသွားတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။
မိန်းကလေးအများစုဟာ အသက် ၁၀-၁၅ နှစ်ကြား၊ ယေဘုယျအားဖြင့် ၁၂ နှစ်လောက်မှာ ရာသီ စလာတတ်ပါတယ်။ ဒီလိုရာသီစလာခါစမှာ နာတာကျင်တာ ပိုဆိုးတတ်ပြီး အသက်ကြီးလာတဲ့အခါ၊ ကလေးမွေးပြီးနောက်ပိုင်းတွေမှာတော့ လျော့သွားတတ်ပါတယ်။
Dolfenal 1

>> ရှားရှားပါးပါး ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ -
တချို့အမျိုးသမီးတွေမှာ နာကျင်တာ ဆိုးရွားလွန်းလို့ နေ့စဉ်လုပ်နေကျအလုပ်တွေကိုပါ မလုပ်နိုင်လောက်အောင် ဖြစ်တတ်ပါတယ်။ အလုပ်ပျက်တာ၊ ပွဲမတက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးပညာအရ ဓမ္မတာ ပြင်းထန်ပုံမမှန်ခြင်းလို့ ခေါ်တွင်ပါတယ်။
ဒီဓမ္မတာပြင်းထန်ပုံမမှန်ခြင်းဟာ နှစ်မျိုးရှိပါတယ်။ သူ့အလိုလိုပုံမမှန်ခြင်းနဲ့ နောက်ခံရောဂါတစ်ခုခုကြောင့် ပုံမမှန်ခြင်းတို့ပါပဲ။
သူ့အလိုလို ပုံမမှန်ခြင်းဟာ ခန္ဓာကိုယ်ထဲ ဓာတ်တွေမညီမျှလို့ ဓမ္မတာအရမ်းများပြီး ပုံမမှန်သားအိမ်ညှစ်နေတာမျိုး ဖြစ်တတ်ပါတယ်။
အောက်ခံရောဂါတစ်ခုခုကြောင့် ပုံမမှန်တာကတော့ သားအိမ်အတွင်းသား နေရာလွဲမှားနေခြင်း၊ သားအိမ်အသားလုံး၊ တင်ပါးဆုံကွင်းတွင်း ပိုးဝင်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ နှစ်မျိုးစလုံးမှာတော့ အပေါ်မှာပြောခဲ့တဲ့ ဓမ္မတာလက္ခဏာအတိုင်းပဲ ဖြစ်ပေမယ့် ပုံမှန်ထက်ကို ပိုဆိုးတတ်ပါတယ်။
>> နောက်ဆက်တွဲတွေအနေနဲ့ ဖြစ်တတ်တာတွေကတော့ -
ဒီလိုနာကျင်တာတွေက တခြားရောဂါ ကြီးကြီးမားမားပြဿနာ မဖြစ်စေပေမယ့် အရမ်းနာကျင်စေနိုင်တဲ့ နောက်ခံပြဿနာတစ်ခုခုရှိရင်တော့ တခြားနောက်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် သားအိမ်အတွင်းသား နေရာလွဲမှားခြင်းဟာ ကလေး မရနိုင်တာမျိုး ဖြစ်စေတာမျိုးပေါ့။
သူ့အလိုလိုဓမ္မတာပုံမမှန်ခြင်းဟာ ဆေးလိပ်သောက်သူတွေ၊ အရက်အလွန်အကျွံသောက်သူတွေ၊ အဝလွန်သူတွေ၊ အသက် ၁၁ နှစ်မတိုင်ခင် အပျိုဖော်ဝင်သူတွေ၊ ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးသူတွေမှာ ဖြစ်တတ်ပြီး ပိုနာတတ်ကြပါတယ်။
တစ်ခါတလေ သားအိမ်ထဲထည့် သန္ဓေတားပစ္စည်းတွေလိုမျိုး သန္ဓေတားနည်းတချို့ကြောင့် ဓမ္မတာနာကျင်တာ ပိုဆိုးတတ်ပါတယ်။ ပစ္စည်းထည့်ပြီးခါစကာလ အစပိုင်းမှာ နာကျင်လေ့ရှိပေမယ့် တောက်လျှောက်ကို ဆိုးဆိုးရွားရွား နာနေတယ်ဆိုရင်တော့ ထည့်ထားတဲ့ပစ္စည်းအမျိုးအစားကြောင့်သော်လည်းကောင်း၊ ထည့်ထားတဲ့ပုံစံကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
Dolfenal 2

>> ဆရာဝန်နဲ့ ပြသင့်တဲ့အချိန်ကတော့ -
ပုံမှန်နာကျင်တာလောက်ကတော့ အကိုက်အခဲပျောက်ဆေးလေးသောက်၊ အပူကပ်တာ၊ ရေနွေးနွေးလေးချိုးတာ၊ ကိုယ့်ကိုယ်ကို ပြန်ပြုစုတာ စတဲ့နည်းလမ်းတွေနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။
ဒါပေမဲ့ ပုံမှန်ထက်ပိုဆိုးနေပြီလို့ ထင်ရင်တော့ ဆရာဝန်နဲ့ပြပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရှာဖို့လိုပါတယ်။
● အကိုက်အခဲပျောက်ဆေး သောက်ပေမယ့် မသက်သာရင်
● ဗိုက်နဲ့ခါးတင်မကဘဲ တခြားနေရာတွေပါ နာလာရင်
● နာတဲ့အပြင် အရမ်းပျို့အန်ချင်တာမျိုး တွဲလာရင် ဆရာဝန်နဲ့ပြပါ။
>> နောက်ဆုံးပြောချင်တာကတော့ -
ဓမ္မတာနာကျင်တယ်ဆိုတာ အမျိုးသမီးတွေအတွက် လတိုင်းခံစားနေရတဲ့ ဝေဒနာတစ်ရပ်ဖြစ်ပြီးတော့ ၈၀% လောက်မှာ အလွယ်တကူ သက်သာအောင် ထိန်းနိုင်ကြပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဒီလိုလက္ခဏာတွေအကြောင်း ဆွေးနွေးရတာ မရှက်ပါနဲ့။ ဝေမျှရင်း နည်းလမ်းကောင်းလေးတွေတောင် ရနိုင်ပါတယ်။ တစ်လလုံးမှာလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပြီး လေ့ကျင်ခန်းလေး လုပ်ပေးပါ။ အမျိုးသမီးတိုင်း ဓမ္မတာချိန်တွေကို ပျော်ပျော်ရွှင်ရွှင် သက်သောင့်သက်သာ ကျော်ဖြတ်နိုင်ကြပါစေနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























