/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာရက်တွေကို-သန့်ရှင်းလန်းဆန်းစွာ-ဖြတ်သန်းကြမယ်

ဓမ္မတာရက်တွေကို သန့်ရှင်းလန်းဆန်းစွာ ဖြတ်သန်းကြမယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာနဲ့ပတ်သက်ရင် အများစုက သူ့အလိုလို အချိန်တန်သိသွားကြမယ်လို့ ပေါ့ပေါ့တန်တန် တွေးထင်တတ်ကြပါတယ်။ ဓမ္မတာချိန်ကို ဘယ်လိုသန့်သန့်ရှင်းရှင်း လန်းလန်းဆန်းဆန်း ဖြတ်သန်းရမယ်ဆိုတာကို သေသေချာချာ ရေရေရာရာ မသိတတ်ကြပါဘူး။

အတော်အတန် ကျန်းမာရေးလိုက်စားနားလည်တဲ့ မိဘတွေတောင်မှ မိန်းကလေးတွေ အရွယ်ရောက်ချိန်မှာ ဓမ္မတာရဲ့ အရေးပါတဲ့အချက်တွေကို ပြောပြဖို့ မေ့လျော့တတ်ကြပါတယ်။ ဓမ္မတာလာချိန်မှာ ကျန်းကျန်းမာမာနဲ့ ရောဂါပိုးမွှားတွေမဝင်အောင် သန့်သန့်ရှင်းရှင်းနေတတ်ဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ခုပါပဲ။

ဓမ္မတာလာချိန်မှာ ပိုးမွှားတွေကိုကာကွယ်ဖို့ သားအိမ်ခေါင်းအဝမှာ ပိတ်ဆို့ထားတဲ့ အချွဲလေးတွေဟာ သွေးဆင်းနိုင်ဖို့အတွက် ပွင့်ထွက်သွားရတာကြောင့် သားအိမ်နဲ့တင်ပါးဆုံအောက်ပိုင်းအင်္ဂါ ပိုးဝင်နိုင်ခြေ ပိုများလာတတ်တာပါ။ မိန်းမကိုယ် pH ပမာဏ အပြောင်းအလဲကြောင့်လည်း မှိုပိုးစွဲတတ်ပါသေးတယ်။

Dolfenal 2022 IA 1

>>  ဓမ္မတာလာချိန် သန့်ရှင်းလန်းဆန်းစွာနေထိုင်ဖို့ အခြေခံအချက်တွေကတော့ -

၁။  နေ့စဉ်နေ့တိုင်း ရေချိုးသန့်စင်ပါ။
သန့်ရှင်းပြီး အနံ့အသက်တွေ ကင်းစင်နေအောင် အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ် ရေချိုးသန့်စင်ပါ။ အိမ်သာတက်ပြီး၊ လစဉ်သုံးပစ္စည်းလဲအပြီး၊ မိန်းမကိုယ်ကို သန့်ရှင်းအပြီးမှာ လက်ဆေးရမယ်ဆိုတာ လူတိုင်းမမေ့ပေမယ့် မလုပ်ခင်မှာလည်း လက်မှာ ပိုးမွှားတွေရှိနေတာကြောင့် ဆေးကြောရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

၂။  မိန်းမကိုယ်ကိုလည်း မှန်မှန်ကန်ကန် ဆေးကြောသန့်စင်ပါ။
မိန်းမကိုယ်နဲ့ မိန်းမအင်္ဂါတွေဟာ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေထက် နူးညံ့တာကြောင့် ပုံမှန်သုံးနေကျ ဆပ်ပြာတွေထက် သီးသန့်ထုတ်ထားတဲ့အမျိုးအစားမျိုးတွေ ရွေးချယ်သုံးနိုင်ပါတယ်။ ပြင်ပကနေပဲ ဆေးကြောတာနဲ့ လုံလောက်ပြီး အတွင်းထိကို ဆပ်ပြာနဲ့ ဆေးစရာမလိုပါဘူး။ ဒီလို အတွင်းထိဆေးကြောခြင်းဖြင့် မိန်းမကိုယ်ရဲ့ အက်ဆစ်ဓာတ်နဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးထားတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေ ပုံမမှန်ဖြစ်သွားတတ်ပါတယ်။

၃။  ရှေ့ကနေနောက်ကို ဆေးကြောပါ။
မိန်းမကိုယ်ကိုဆေးကြောရာမှာ နောက်ကနေရှေ့ကို ဆေးကြောတဲ့အခါ စအိုက ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်ပြီး ဆီးပိုးဝင်တာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရှေ့ကနေနောက်ကို မှန်မှန်ကန်ကန် ဆေးကြောပေးပါ။

၄။  အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။
တင်ပါးဂွနားတစ်ဝိုက် တအားကြပ်ထုပ်ပြီး လေဝင်ပေါက်မရှိတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။ ဂွနားကို ကြပ်ထုက်အောင်ဝတ်တဲ့အခါ အစိုဓာတ်နဲ့အပူဓာတ် များလာပြီး ဒီနားတစ်ဝိုက်က အရေပြားကို ထိခိုက်နိုင်ပါတယ်။ ကော်တွန်အတွင်းခံတွေနဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။

Dolfenal 2022 IA 2

၅။  လစဉ်သုံးပစ္စည်းကို ပုံမှန်လဲပါ။
လစဉ်သုံးဓမ္မတာပစ္စည်းတွေကို အကြာကြီးမလဲဘဲ အသုံးပြုတဲ့အခါ ရောဂါပိုး ဝင်ရောက်နိုင်တဲ့အပြင် toxic shock syndrome လို့ခေါ်တဲ့ ဘက်တီးရီးယားအဆိပ်ကြောင့် သွေးဆုတ်ခြင်းရောဂါစု ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် တန်ပွန်အသုံးပြုသူတွေမှာ ဒီရောဂါစု ပိုဖြစ်တတ်ပါတယ်။

၆။  Menstrual cup ကို အသုံးပြုပါ။
Menstrual cup ဟာ ဓမ္မတာသွေးကို စုပ်ယူတာထက် သွေးကိုခွက်ထဲမှာ စုထားပေးတာကြောင့် အရေပြားကို ခြောက်သွေ့တာ၊ ထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဆေးပညာအဆင့် Menstrual cup တွေဟာ ကိုယ်ခန္ဓာအတွက် စိတ်ချရပြီး ၁၀ နှစ်လောက်ထိ ခံတာမို့ ငွေရေးကြေးရေးအရရော၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုအရပါ ကောင်းမွန်ပါတယ်။

၇။  လိင်ကိစ္စကို သတိထားပါ။
ဓမ္မတာလာနေစဉ်မှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဖြင့် အိတ်ချ်အိုင်ဗီ၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုးလိုမျိုး သွေးမှကူးစက်နိုင်တဲ့ရောဂါတွေ ပိုမိုကူးစက်နိုင်၊ ကူးစက်ခံရနိုင်ပါတယ်။ ဒီလိုပြောလို့ ဓမ္မတာလာစဉ် အမျိုးသားနဲ့ အတူနေလို့ မရတာတော့ မဟုတ်ပါဘူး။ ကွန်ဒုံးလိုမျိုး အကာအကွယ်ကိုသုံးပြီး အတူနေလို့ရပါတယ်။

အပေါ်မှာ ဖော်ပြသွားတဲ့အချက်တွေဟာ တစ်လတာလုံးအတွက် ကျန်းမာရေးကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ မသိမဖြစ်အချက်လေးတွေပါပဲ။ ဒီအချက်လေးတွေကို လိုက်နာဆောင်ရွက်ပြီး ဓမ္မတာရက်တွေကို သန့်ရှင်းလန်းဆန်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)