ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းရင် စိတ်ပူရလား
ရာသီပန်းပွင့်စ အစောပိုင်းနှစ်တွေမှာ ဦးနှောက်၊ မျိုးဥအိမ်နှင့် သားအိမ်တို့က ဟော်မုန်းအတက်အကျ ပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲဖြစ်တာမို့ ဓမ္မတာလာတာ မှန်လေ့မရှိတတ်ကြပါဘူး။ သွေးဆင်းတာ အရမ်းမများရင် (သို့) ခဏတာပဲဖြစ်တာဆိုရင် ပြဿနာသိပ်မရှိနိုင်ပါဘူး။
အရွယ်ရောက်ပြီးသူတွေမှာ အမျိုးသားနှင့် အတူနေပြီးတဲ့အချိန် သွေးဆင်းပါက စိုးရိမ်ရပါတယ်။ အထူးသဖြင့် အကာအကွယ်မယူဘဲ ဆက်ဆံမိခြင်း (သို့) ပထမဆုံးအကြိမ် ဆက်ဆံခြင်းတို့တွင် ပိုမိုသတိထားသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ (Chlamydia (သို့) Gonorrhea) ရောဂါတွေမှာ သွေးဆင်းခြင်းဟာ အချက်ပေးလက္ခဏာတစ်ခု ဖြစ်လေ့ရှိတာကြောင့် ချက်ချင်း ကုသမှုခံယူသင့်ပါတယ်။ အမျိုးသားနှင့် ဆက်ဆံပြီးနောက် သွေးဆင်းရခြင်း အခြားအကြောင်းအရင်းတစ်ခုမှာ သားအိမ်ဝလန်နေခြင်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Dolfenal 1

ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်းဟာ ကိုယ်ဝန်စတည်ခါစ (Implantation Bleeding) ကြောင့်လည်း ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသက် 50 ဝန်းကျင် အမျိုးသမီးတွေမှာ သွေးဆင်းတာက သားအိမ်ကင်ဆာကြောင့် ဖြစ်နိုင်ချေများပါတယ်။ ငယ်ရွယ်သူများတွင်လည်း အဝလွန်ခြင်းကြောင့် သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါတယ်။
သားအိမ်၌ အလုံးတည်ခြင်းသာမက သားအိမ်(သို့) သားအိမ်ခေါင်းတွင် အသားပိုများဖြစ်ခြင်းကလည်း သွေးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
Dolfenal 2

သွေးဆုံးခြင်းက အသက် 45-50 ပတ်လည်မှာ ဖြစ်လေ့ရှိပြီး အမမျိုးဥထုတ်လုပ်မှု ကျဆင်းခြင်းနှင့်အတူ ဓမ္မတာလည်း မမှန် ဖြစ်လာပါလိမ့်မယ်။ ဓမ္မတာမမှန်ခြင်းဆိုတာ ရာသီလာမယ့်ရက်တွင်မလာခြင်း၊ မလာနိုင်ဟုထင်သော ရက်တွင်လာခြင်း၊ ရာသီသွေးများခြင်း စသည်တို့ ဖြစ်ပါတယ်။ သွေးဆုံးခါနီးတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာများ သက်သာစေရန် သောက်သုံးရသော ဟော်မုန်းဆေးများကြောင့်လည်း သွေးဆင်းနိုင်ပါတယ်။ သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်းကတော့ ပုံမှန်လုံးဝမဖြစ်နိုင်တာကြောင့် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























