နို့သီးခေါင်းက အရည်ထွက်တာ ပုံမှန်လား?
တစ်ခါတလေမှာ ခန္ဓာကိုယ်မှာရှိတဲ့ အပေါက်အချို့ကနေ အရည်တွေ ထွက်လာတတ်တာက ခန္ဓာကိုယ်ရဲ့ အံ့ဖွယ်မေးခွန်းတစ်ခုပါပဲ။ တချို့ကိစ္စ (ဥပမာ - ထိခိုက်မိလို့ သွေးထွက်တာ) တွေက ပုံမှန်ဆိုပေမယ့် နို့သီးခေါင်းကနေ အရည်ထွက်တာကတော့ စဉ်းစားရမယ့်ကိစ္စတစ်ခုပါ။
ရယ်စရာ ပေါ့ပေါ့ပါးပါး အကြောင်းအရာတစ်ခုနဲ့ စပြီးပြောရရင်တော့ အချိန်အတော်ကြာအောင် လှုံ့ဆော်ခံထားရတဲ့ နို့သီးခေါင်း အများစုကနေပြီး အဝါရောင် (သို့) မီးခိုးရောင်အရည်တွေ ထွက်လာတတ်ပါတယ်။ ဒါပေမဲ့ ဘာလှုံ့ဆော်မှုမှမရှိဘဲ နို့သီးခေါင်းတစ်ဖက် (သို့) နှစ်ဖက်လုံးကနေပြီး သူ့အလိုလို အရည်တွေ ထွက်လာတယ် ဆိုရင်တော့ ဆရာဝန် သွားပြရပါမယ်။ ဖြစ်ခဲပေမယ့် ဒါက ရင်သားကင်ဆာရဲ့ ကနဦးလက္ခဏာ ဖြစ်နိုင်ပါတယ်။ ပိုပြီးဖြစ်ခဲတဲ့ အကြောင်းတစ်ခုကတော့ ပိုပြီးကောင်းတဲ့ အားကစားဘော်လီကို ပြောင်းဝတ်ဖို့ လိုတာကို ပြတဲ့လက္ခဏာပါ။
• မီးခိုးရောင်၊ အစိမ်းရောင် (သို့) အဝါရောင်
နို့သီးခေါင်းကနေပြီး အရည် စထွက်ပြီဆိုရင် အရင်ဆုံး သတိပြုမိတဲ့အရာကတော့ အရောင်ဖြစ်ပြီး အရောင်အမျိုးမျိုးမှာ ဖြစ်ရတဲ့အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ အစိမ်းရောင် (သို့) မီးခိုးရောင်အရည်တွေက ရင်သားအတွင်းမှာရှိတဲ့ ဆဲလ်အသေတွေကို ပြပါတယ်။ နို့ရည်ပြွန်နံရံလေးတွေ ထူလာတဲ့ duct ectasia ဆိုတဲ့ အခြေအနေမှာဆိုရင် အဝါရောင်၊ အစိမ်းရောင် (သို့) မီးခိုးရောင်အရည်တွေ ထွက်တတ်ပါတယ်။ ဒီလိုအခြေအနေ အများစုက ကင်ဆာဖြစ်နိုင်ခြေ မများပေမယ့်လည်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိဖို့အတွက် ဆရာဝန် ပြရပါမယ်။
အမျိုးသမီးအများစုက သူတို့ရဲ့ နို့ကို ညှစ်တာ၊ လှုံ့ဆော်တာ အချိန်အတော်ကြာတဲ့အခါမှာ နို့ရည် ထွက်လာနိုင်ပါတယ်။ နို့ကို ညှစ်တာ (သို့) လှုံ့ဆော်တာတွေကို ရပ်လိုက်ရင် အရည်ထွက်တာလည်း သူ့အလိုလို ရပ်သွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အရည် ဆက်ထွက်နေတယ် ဆိုရင်တော့ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိဖို့အတွက် ဆရာဝန် ပြန်ပြဖို့ လိုပါတယ်။
Papilloma လို့ခေါ်တဲ့ နို့ပြွန်ထဲမှာ အဖုအကြိတ် ဖြစ်တဲ့ရောဂါတစ်ခုမှာလည်း နို့သီးခေါင်းကနေ အဝါရောင် (သို့) အစိမ်းရောင်အရည်တွေ ထွက်တတ်ပါတယ်။ ဒီအခြေအနေက ကိုယ့်ဟာကိုယ် ရင်သားစမ်းတဲ့အခါမှာ တွေ့မိဖို့ မလွယ်ဘဲ အာထရာဆောင်း (သို့) ရင်သားဓာတ်မှန်တွေနဲ့မှ သိနိုင်ပါတယ်။ ဒီအတွက် စံကုထုံးကတော့ papilloma နဲ့ အလုံးဖြစ်တဲ့ နို့ပြွန်ကို ခွဲပြီး ဖယ်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက ပြင်ပလူနာအနေနဲ့ပဲလုပ်ရတဲ့ အသေးစား ခွဲစိတ်မှုတစ်ခုသာဖြစ်ပြီး မိခင် နို့တိုက်ခြင်းအပေါ်မှာ ဘာမှအကျိုးသက်ရောက်မှု မရှိပါဘူး။
မကြာသေးခင်ကမှ အကြောင်းတစ်ခုခုကြောင့် နို့သီးခေါင်း ပေါက်ပြဲတာမျိုးရှိရင် ရောဂါပိုးဝင်တဲ့ လက္ခဏာအနေနဲ့လည်း အစိမ်းရောင် (သို့) အဝါရောင် အရည်တွေ ထွက်တတ်ပါတယ်။ အနာကျက်တဲ့ အတောအတွင်းမှာလည်း အရည်နည်းနည်း ထွက်နိုင်ပါတယ်။ အများအားဖြင့်တော့ ပိုးသတ်ဆေး၊ လိမ်းဆေးလောက်နဲ့ ပျောက်ပြီး တချို့မှာတော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ ပေါက်ပြဲထားတဲ့နေရာအနီး တစ်နေရာရာကနေပြီးတော့ အရည်ထွက်ရင်တော့ ဆရာဝန်သွားပြဖို့ လိုပါတယ်။
• နို့ရည်အကြည် (သို့) အဖြူရောင်
အမျိုးသမီးတစ်ယောက်မှာ အများအားဖြင့် နို့ရည် ထွက်လေ့ရှိတာကတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အတွင်းမှာ နို့ရည် ပထမဆုံးအဆင့်အနေနဲ့ ထွက်လာတဲ့အရည်ကို နို့ဦးရည်လို့ခေါ်ပြီး အများအားဖြင့် အဖြူရောင်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မဟုတ်ရင် အချိန်အတော်ကြာအောင် ရင်သားကို လှုံ့ဆော်မှုပြုပါကလည်း ဖြူပြီး ကြည်လင်တဲ့နို့ရည် ထွက်နိုင်ပါတယ်။ ပြေးနေတဲ့အချိန်မှာ အချို့သော အပြေးသမားတွေက သူတို့ရဲ့ အားကစားဘော်လီမှာ အရည်တွေ စွန်းနေတာကို သတိပြုမိနိုင်ပါတယ်။ ဒါက စ်ိတ်ပူဖု့ိလိုတဲ့ မကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူးး။ ဒါက ဘာကြောင့်လဲဆိုတော့ ထိရှလွယ်တဲ့ နို့သီးခေါင်း ရှိသူတွေမှာ ရင်သားလှုပ်ရှားမှုများတဲ့ လှုပ်ရှားမှုတစ်မျိုးဖြစ်တဲ့ ပြေးနေစဉ်အတွင်း အားကစားဘော်လီ ပွတ်တိုက်မှု များတဲ့အတွက် နို့ရည်ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုပြီးကောင်းတဲ့ အားကစားဘော်လီ ပြောင်းဝတ်လိုက်ရင် ရပါတယ်။
Prolactin ဆိုတဲ့ ဟော်မုန်းထွက်တာ များရင်လည်း နို့ရည်အကြည် (သို့) အဖြူရောင် ထွက်တတ်ပါတယ်။ အချို့သော စိတ်ကျန်းမာရေးဆေးတွေနဲ့ အစာအိမ် အူလမ်းကြောင်းဆေးတွေက prolactin ဟော်မုန်း မြင့်တက်စေပြီး နို့ရည်အကြည် ထွက်စေနိုင်ပါတယ်။
>> နို့သီးခေါင်းမှ အရည်ထွက်ခြင်းနှင့် ရင်သားကင်ဆာ
နို့သီးခေါင်းကနေ အရည်ထွက်ခြင်းက ရင်သားကင်ဆာရဲ့ အရမ်းကို ရှားပါးပြီး ဖြစ်ခဲတဲ့လက္ခဏာတစ်ခုပါ။ ဒါပေမဲ့လည်း ဖြစ်တော့ဖြစ်တတ်တဲ့အတွက် အကြောင်းအရင်းမရှိဘဲ သူ့အလိုလို နို့ရည်ထွက်တယ်ဆိုရင် ရင်သားကင်ဆာ ဟုတ်၊ မဟုတ် စစ်ကြည့်ဖို့တော့ လိုပါတယ်။ ဒါ့အပြင် နို့တစ်ဖက် (သို့) နှစ်ဖက်လုံးက ထွက်တာလား (ရင်သားကင်ဆာဆိုရင် တစ်နေရာကပဲ ထွက်တာ များပါတယ်။) / ထွက်တဲ့အရည်က ကြည်လား (သို့) သွေးရောင်လား ဆိုတာတွေကို ဆန်းစစ်ဖို့ လိုပါတယ်။ မိသားစု ဆွေမျိုးထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးခြင်း ရှိ၊ မရှိ ဆိုတာတွေကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ ပြီးရင်တော့ အာထရာဆောင်း (သို့) ရင်သားဓာတ်မှန် ရိုက်ပြီး လိုအပ်ပါက အသားစယူပြီး စစ်ဆေးခြင်း ပြုပါလိမ့်မယ်။ အရည်ထွက်စေတဲ့ နို့ပြွန်ကို ဖယ်ထုတ်လိုက်ခြင်းအားဖြင့်လည်း အရည်ထွက်တာကို ရပ်စေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိဆိုတာကို စစ်လို့ရပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ လှုံ့ဆော်မှုတစ်ခုခုရှိလို့ နို့သီးခေါင်းကနေ အရည်ထွက်တာက ပုံမှန်ဖြစ်စဉ်ပါ။ ကိုယ်ဝန်ဆောင်လည်း မဟုတ်၊ နို့တိုက်မိခင်လည်း မဟုတ်၊ ဘာအကြောင်းအရင်းမှ မရှိဘဲနဲ့ နို့သီးခေါင်းက နို့ရည်တွေ အလိုလို ထွက်နေတယ်ဆိုရင်တော့ ဆရာဝန်သွားပြဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























