/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နို့သီးခေါင်းပေါ်က-အဖြူကွက်များ

နို့သီးခေါင်းပေါ်က အဖြူကွက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          နို့သီးခေါင်းနဲ့ သားမြတ်တစ်ဝိုက်မှာ အဖြူစက်တွေ ပေါ်လာတဲ့အခါ ရုတ်တရက် လန့်သွားကြမှာပါ။ ကံကောင်းထောက်မတာကတော့ အများစုမှာ ဒီလိုအဖြူကွက်တွေ ပေါ်လာတာဟာ သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေမှာ နို့ချောင်းပိတ်တဲ့အခါမှာလည်း ရတတ်သလို ဟော်မုန်း အတက်အကျကြောင့်လည်း ရတတ်ပါတယ်။

          ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ -

●        ကိုယ်ဝန်ဆောင်နဲ့ ဟော်မုန်းအပြောင်းအလဲ

●        နို့ချောင်းတွေ၊ အပေါက်တွေ ပိတ်ခြင်း

●        ပိုးဝင်ခြင်းနဲ့

●        အခြားရှားရှားပါးပါး အခြေအနေများမှာ တွေ့ရတတ်ပါတယ်။

          ဖြစ်လာတတ်တဲ့ လက္ခဏာတွေ၊ ကုသမှုတွေ၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာတွေနဲ့ ဆရာဝန်ကို ဘယ်အချိန်မှာ တွေ့ရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

1.      ကိုယ်ဝန်ဆောင်နဲ့ ဟော်မုန်းအပြောင်းအလဲ

          ကိုယ်ဝန်ဆောင်ချိန်နဲ့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တဲ့အချိန်မှာ နို့သီးခေါင်းနဲ့ သားမြတ် တစ်ဖက်တစ်ချက်စီမှာရှိတဲ့ Montgomery Gland လို့ခေါ်တဲ့ အဆီဂလင်းတွေက အဖြူဖတ်တွေ ဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်းထဲမှာ ပါ,ပါတယ်။

          ဒီဂလင်းက ထုတ်တဲ့အဆီက ကလေးငယ်လေးတွေ နို့ စစို့ချိန်မှာ နို့စို့ချင်စိတ် ဖြစ်လာအောင်နဲ့ နို့ရှိရာကို မှန်းဆသိနိုင်အောင် အနံ့ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

 

>>    ရောဂါလက္ခဏာ

          Montgomery အဆီဂလင်းတွေ ကြီးလာပြီး နို့သီးခေါင်းနဲ့ သားမြတ်တစ်ဝိုက်မှာ အဖြူဖတ်တွေအဖြစ် ပေါ်လာခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မနက်ခင်း ပျို့အန်တာတွေတောင် မဖြစ်သေးခင်ကတည်းက ကနဦး အစောဆုံးပေါ်လာတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

          ဒါပေမဲ့ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့

●        ရာသီစက်ဝန်းအတွင်း

●        သနေ္ဓတားဆေး သောက်ခြင်း

●        သွေးဆုံးခြင်းနဲ့

●        အခြားရောဂါတွေမှာလည်း ရတတ်ပါတယ်။

          Montgomery ဂလင်းမှာ ဖယောင်းလိုအရာတွေ ပြည့်လာပြီး အဖြူဆံရှိတဲ့ ဝက်ခြံဖုတွေလို ပေါ်လာတတ်ပါတယ်။ ဒါတွေကို Montgomery Tubercle လို့ ခေါ်ပါသေးတယ်။

 

>>    ကုသနည်းနဲ့ ကာကွယ်နည်း

          ဒီအဖြူဖတ်တွေဟာ ဘာအန္တရာယ်မှ မဖြစ်စေနိုင်တဲ့အတွက် ဘာကုသမှုမှ လုပ်စရာ မလိုအပ်ပါဘူး။

          ညှစ်တာ၊ ပြုတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ အခန့်မသင့် ပိုးဝင်တတ်ပါတယ်။ ပုံမှန် မဟုတ်ဘူးလို့ ထင်ရင်၊ ဘာကြောင့်မှန်း မသေချာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

2.      နို့ပေါက် ပိတ်ခြင်း

          နို့ပေါက်ပိတ်တဲ့အခါ နို့သီးခေါင်းမှာ အဖြူဖတ်လေး ပေါ်လာတတ်ပါတယ်။ နာတာ၊ ကျဉ်တာမျိုး ရှိနိုင်ပြီး ကလေး နောက်တစ်ကြိမ် နို့စို့တဲ့အခါ ပြန်ပွင့်သွားတတ်ပါတယ်။

 

3.      ပိုးဝင်ခြင်း

          အဖြစ်နည်းပေမယ့် မှိုပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ အဖြူကွက်တွေ ပေါ်လာနိုင်ပါတယ်။

          ပိုးဝင်တာကတော့ လူတိုင်း ဖြစ်နိုင်ပေမယ့် နို့တိုက်မိခင်တွေနဲ့ ကိုယ်ခံစွမ်းအား ကျနေသူတွေမှာ ပိုဖြစ်လေ့ ရှိပါတယ်။

 

          နို့သီးခေါင်းမှာ အဖြူအဖတ်တွေ ဖြစ်စေနိုင်တဲ့ ပိုးတွေကတော့ -

●        မှက္ခရု

●        ရေယုန်

●        သားမြတ်အောက် ပြည်တည်နာ

 

●      မှက္ခရု

          မှက္ခရုဟာ မိန်းမကိုယ်မှာ အဓိကဖြစ်တတ်တဲ့ မှိုပိုးတစ်မျိုး ဖြစ်ပါတယ်။ မွေးခါစ နီတာရဲလေးတွေမှာ ပါးစပ်ထဲ မှက္ခရု ပေါက်တတ်ပြီး အမေ့ရဲ့ အက်ကွဲနေတဲ့ နို့သီးခေါင်းကို နို့စို့နေတုန်း တစ်ဆင့် ကူးစက်တတ်ပါတယ်။

          သူ့ရဲ့လက္ခဏာကတော့ အဖြူအကွက်တွေ ဖြစ်လာပြီးနောက်မှာ နီလာ၊ နာလာ၊ ရောင်လာတတ်ပါတယ်။

 

●      ရေယုန်

          ရေယုန်ဟာ လိင်မှတစ်ဆင့် ကူးစက်တတ်ပြီး ရေယုန်ရှိတဲ့ အမျိုးသမီး ကလေးမွေးတဲ့အခါ ကလေးရဲ့ မျက်လုံးနဲ့ ပါးစပ်မှာ ရေယုန် ဖြစ်တတ်ပါတယ်။ မှက္ခရုနဲ့ အလားတူပဲ နို့စို့ချိန်မှာ အမေ့ရင်သားကို ရေယုန် ကူးစက်စေပါတယ်။

          ရေယုန်ရဲ့လက္ခဏာကတော့ အရည်ကြည်ဖုတွေ ထလာပြီး ပေါက်ထွက်သွားတဲ့အခါ အနာဖေးတွေ ဖြစ်လာပါတယ်။

 

●      သားမြတ်အောက် ပြည်တည်နာ

          ဘက်တီးရီးယားပိုးမွှားတွေကြောင့် နို့အုံ ရောင်တဲ့အခါ သေချာမကုသလိုက်တာကြောင့် သားမြတ်အောက်မှာ ပြည်တည်နာ ဖြစ်လာတာဖြစ်ပြီး ဖြစ်ခဲပါတယ်။

          ဒီပြည်တည်နာတွေဟာ နို့တိုက်ရာကမှ မဟုတ်ပါဘူး။ ဝက်ခြံလို၊ နို့သီးခေါင်းမှာ အပေါက်ဖောက် ကွင်းတပ်ဆင်သူတွေလို အနာတွေကနေတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ပြီး ဖြစ်နိုင်ပါတယ်။

          ပြည်တည်နာ ဖြစ်လာတဲ့အခါ စူးခနဲ စူးခနဲ နာပြီး အပေါ်ယံ အရေပြားဟာ အရောင်ပြောင်းလာတတ်ပါတယ်။

 

>>    ကုသနည်း

          ရင်သားမှာဖြစ်စေ၊ နို့သီးခေါင်းမှာဖြစ်စေ ပိုးဝင်တယ်လို့ ထင်တဲ့အခါ ကုသရာမှာ တစ်ခုနဲ့တစ်ခု မတူနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသကုသရပါမယ်။

 

●      မှက္ခရု

          ကလေးရော အမေပါ မှိုပိုးသတ်ဆေး သောက်ရပါမယ်။

 

●      ရေယုန်

          ရေယုန်ဟာ ကလေးတွေမှာ ဆိုးဆိုးရွားရွား နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေတတ်တာမို့ အမြန်ဆုံး ကုသဖို့ အရေးကြီးပါတယ်။ အမေရော ကလေးရော ဗိုင်းရပ်စ်ပိုးသတ်ဆေးကို တစ်ပတ်လောက် သောက်ရပါမယ်။

 

●      သားမြတ်အောက် ပြည်တည်နာ

          ပြည်တည်နာဖြစ်တဲအခါ ပိုးသတ်ဆေး သောက်ရပါမယ်။ တစ်ခါတလေ မပျောက်တဲ့အခါ ခွဲခန်းထဲမှာ ပြည်တွေကို ဖောက်ထုတ်ပစ်တာ၊ ပိတ်နေတဲ့ နို့ပြွန်ချောင်းကို ဖြတ်ထုတ်ပစ်တာမျိုးလုပ်ဖို့ လိုအပ်ပါတယ်။

 

4.      ရှားရှားပါးပါး ဖြစ်တတ်တဲ့ အခြေအနေများ

          နို့သီးခေါင်းမှာ အဖြူကွက်တွေ ဖြစ်စေနိုင်တဲ့ အခြားရှားရှားပါးပါး အခြေအနေတွေကတော့ -

 

●        ခရုသင်း

          ခန္ဓာကိုယ်ရဲ့ ရောင်ခြယ်ပစ္စည်းတွေကို ဖျက်ဆီးပစ်တဲ့ ကိုယ်ခံစွမ်းအား ကမောက်ကမဖြစ်တဲ့ ရောဂါတစ်မျိုး

 

●        Paget's Disease

          နှင်းခူနဲ့တူပြီး နို့သီးခေါ့င်းနဲ့ သားမြတ်နားကနေ စဖြစ်တတ်တဲ့ ရှားရှားပါးပါး ရင်သားကင်ဆာတစ်မျိုး

 

>>    နိဂုံးချုပ်

          ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ဖြစ်တတ်သလို ပိုးဝင်တဲ့အခါမှာလည်း ဒီလိုအဖြူကွက်တွေ ဖြစ်တတ်ပါသေးတယ်။

          ရင်သားကင်ဆာဟာ အင်မတန် အဖြစ်များတဲ့ ကင်ဆာတစ်မျိုး ဖြစ်လာပြီး အသေအပျောက်လည်း အလွန်များလာပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းဟာ ရင်သားကျန်းမာရေးကို အထူးဂရုစိုက်ပြီး ရင်သားမှာဖြစ်တဲ့ အပြောင်းအလဲတိုင်းကို သတိပြုရပါမယ်။

          ဒါကြောင့် ရင်သားမှာ တစ်စုံတစ်ရာ ပြောင်းလဲမှုဖြစ်တိုင်း ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)