/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နို့သီးခေါင်း-ချိုင့်ဝင်နေခြင်း

နို့သီးခေါင်း ချိုင့်ဝင်နေခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ကိုယ့်ရဲ့နို့သီးခေါင်းက အရေပြားထဲကို ချိုင့်ဝင်နေလား? အပြင်ကို စူထွက်နေလား? နို့သီးခေါင်း ချိုင့်ဝင်နေတဲ့သူတွေ သိထားသင့်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အချက်တွေ ရှိပါတယ်။ နို့သီးခေါင်း ချိုင့်ဝင်တာက နို့သီးခေါင်းအောက်မှာ ကပ်နေတဲ့အရာတွေရှိလို့ ဖြစ်နိုင်ပါတယ်။ 10-20% လောက်သော အမျိုးသမီးတွေမှာ နို့သီးခေါင်း ပြားတာ (သို့) ချိုင့်ဝင်တာကို တွေ့ရတတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ နို့သီးခေါင်းကို လှုံ့ဆော်မှုပေးရင် (သို့) အေးလို့ ယာယီထွက်လာတာမျိုး ရှိပါတယ်။

          မွေးကတည်းက နို့သီးခေါင်း ချိုင့်ဝင်နေတာဆိုရင် ဘာမှစိုးရိမ်စရာမရှိပါဘူး။ ကလေး နို့စို့တဲ့အခါမှာ အပြင်ကို စူထွက်နေတဲ့နို့ထက် အထဲဝင်နေလို့ စို့ရခက်တာက လွဲပြီးတော့ ကလေးကို ပုံမှန်အတိုင်း နို့တိုက်လု့ိ ရပါတယ်။ နို့တိုက်လို့ အဆင်မပြေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ နည်းလမ်းတွေ ရှာလို့ရပါတယ်။ ဒီလိုဖြစ်ရပ်မှာ နို့သီးခေါင်းပုံစံ ပြောင်းချင်ရင်တော့ ခွဲစိတ်ပြုပြင်တဲ့နည်းပဲ ရှိပါတယ်။

အရေးကြီးပြီး သတိထားရမယ့် အချက်ကတော့ မွေးရာပါမဟုတ်ဘဲနဲ့ နို့သီးခေါင်းတစ်ဖက် (သို့) ၂ ဖက်လုံး ရုတ်တရက် ပြားသွားတာ၊ ချိုင့်ဝင်သွားတာတွေ ဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါပြီ။ ဒါက ပုံမှန်ဖြစ်နိုင်သလို ရင်သားကင်ဆာ၊ Paget disease စတဲ့ ရောဂါတစ်ခုခုရဲ့ သတိထားရမယ့်လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)