/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နို့သီးခေါင်း-နာကျင်ခြင်း

နို့သီးခေါင်း နာကျင်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတွေမှာ နို့သီးခေါင်းလေးတွေ နာကျင်နေရခြင်းဟာ အဝတ်လျှော်ဆပ်ပြာနဲ့ ဓာတ်မတည့်လို့ ဒါမှမဟုတ် အတွင်းခံ ကြပ်နေ၊ ချောင်နေလို့ စတဲ့ သာမန်အကြောင်းတွေကြောင့် ဖြစ်နိုင်သလို ပုံမှန်လူတွေမှာလည်း ဓမ္မတာလာနေစဉ်၊ ကိုယ်ဝန်ဆောင်နေစဉ်၊ နို့တိုက်နေစဉ်တွေမှာ နာတတကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ပိုးဝင်ခြင်းနဲ့ ကင်ဆာရောဂါတွေမှာလညး် နာတတ်သေးတာမို့ အကြာင်းအရင်းကို သေချာသိလေအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

          အကြောင်းရင်းရာ မတူသလို နာပုံနာနည်းကလည်း မတူပြန်ပါဘူး။ တချို့တွေမှာ ထိလိုက်တိုင်း နာကျင်နေပြီး တစ်ချို့တွေမှာ စူးခနဲ စူးခနဲ နာကျင်တတ်ပါတယ်။ တချို့တချို့တွေမှာတော့ နာတာအပြင် ယားယံတတ်ပါသေးတယ်။

          နို့သီးခေါင်း ဘာကြောင့်နာကျင်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ရပါတယ်။

1.      ပွတ်တိုက်မှု

          နို့သီးခေါင်းတွေ နာကျင်စေရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပွတ်တိုက်မှုများတာလည်း ပါဝင်ပါတယ်။ ပြေးခြင်း၊ ရေလွှာလျောစီးခြင်း၊ ဘတ်စကတ်ဘောဆော့ခြင်း စတဲ့ လှုပ်ရှားမှုတွေမှာ ရှပ်အကျႌတွေ၊ မတော်တဲ့ အတွင်းခံတွေနဲ့ ပွတ်တိုက်မိမှုတွေကြောင့် နာလာတတ်ပါတယ်။

          ဒီလိုပွတ်တိုက်မှု များလာတဲ့အခါ နာကျင်လာတတ်တဲ့အပြင် အသားတွေခြောက်ပြီး ကွဲအက်လာတတ်ပါတယ်။

          အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်လေလေ ပွတ်တိုက်မှု ပိုများပြီး ပိုနာလာလေလေ ဖြစ်တာကြောင့် နို့သီးခေါင်းမှာ တိတ်ကပ်ပြီး လုပ်တာမျိုးဖြစ်ဖြစ် ပိုဂရုစိုက်ပြီး လုပ်သင်ပါတယ်။

 

2.      ပိုးဝင်ခြင်း

          နို့သီးခေါင်းမှာ ပွတ်တိုက်မှုတွေကြောင့် အနာတရဖြစ်နေတာ၊ ဓာတ်မတည့်မှုတွေ ဖြစ်နေတာ၊ အက်ကွဲနေတာ၊ သွေးထွက်နေတာတွေ ရှိနေရင် ပိုးဝင်နှုန်း ပိုများနိုင်ပါတယ်။ နို့တိုက်မိခင်တွေမှာလည်း ပိုးဝင်နိုင်ပါသေးတယ်။

          ဒီလို မှိုပိုးဝင်တဲ့အခါ နို့သီးခေါင်းဟာ ပူပူကြီးဖြစ်ပြီး စူးခနဲ စူးခနဲ နာတတ်တဲ့အပြင် ပန်းဆီရောင်တောင်တောက် အရောင်ရဲနေတတ်ပါတယ်။ သားမြတ်နားတစ်ဝိုက်မှာလည်း နီရဲပြီး အဖတ်တွေ ကွာနေနိုင်ပါတယ်။

 

3.      ဓာတ်မတည့်ခြင်း

          နေ့စဉ်သုံးစွဲနေတဲ့ ပစ္စည်းတွေနဲ့ မတည့်တဲ့အခါ အရေပြားတွေ နာကျင်ရောင်ရမ်းပြီး အက်ကွဲကွာလာတာ၊ အရည်ကြည်ဖု ထလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေအပြင် ကုတ်မလောက်အောင် ယားယံတာတွေနဲ့ အနီကွက်အင်ပြင်တွေ ထလာတာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

          နဂိုက ဓာတ်မတည့် အရေပြား ရောင်ရမ်းတတ်သူတွေမှာ ပိုဆိုးလာစေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတတ်တဲ့ အသုံးအဆောင်တွေကတော့ -

●        လိုရှင်း

●        အဝတ်လျှော်ဆပ်ပြာ

●        ကိုယ်တိုက်ဆပ်ပြာ

●        မုတ်ဆိတ်၊ နှုတ်ခမ်းမွေးရိတ် ခရင်မ်

●        ရေမွှေး

●        အဝတ်အစားတွေ စတာတွေပဲ ဖြစ်ပါတယ်။

          သာမန် ဓာတ်မတည့်မှုတွေအတွက် အရောင်ကျဆေး လိမ်းရုံနဲ့ သက်သာနိုင်ပေမယ့် ပိုပိုပြီး နီရဲလာတာ၊ ပိုပြန့်လာတာနဲ့ ဆေးလိမ်းရုံနဲ့ မသက်သာနိုင်တဲ့အခါမျိုးတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

4.      ကာမစပ်ယှက်ခြင်း

          အမျိုးသား၊ အမျိုးသမီး အတူနေတဲ့အခါမှာလည်း ပွတ်တိုက်မှုတွေကြောင့် နာတတ်ပါသေးတယ်။ နာကျင်တာဟာ အချိန်အတန်ကြာ အနားပေးလိုက်ရင် သက်သာသွားမှာပါ။ နောက်ပိုင်းမှာ ထပ်မဖြစ်အောင်လည်း အစိုထိန်းခရင်မ်တွေ လိမ်းပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

 

5.      ဟော်မုန်းအပြောင်းအလဲ

          အမျိုးသမီးတစ်ယောက်ရဲ့ လစဉ် ဓမ္မတာစက်ဝန်းကြောင့်လည်း ရင်သားနဲ့ နို့သီးခေါင်းတွေ နာကျင်တတ်ပါတယ်။ ဓမ္မတာ မစခင် ရက်အနည်းငယ်လောက်မှာ Estrogen နဲ့ progesterone ဓာတ်တွေ မြင့်တက်လာတဲ့အတွက် ရင်သားမှာ အရည်တွေ ပိုစုလာပြီး ရင်သားတင်းရောင် လာတတ်ပါတယ်။

          ရာသီ စတဲ့အခါ နာတာ သက်သာသွားတတ်ပြီး အကယ်၍ မသက်သာဘဲ တောက်လျှောက် နာနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

6.      ကင်ဆာရောဂါ

          ကင်ဆာရောဂါတွေဟာ ပုံမှန်ဆိုရင် မနာမကျင်တတ်ပေမယ့် တချို့တွေမှာ နို့သီးခေါင်း နာကျင်မှုတွေနဲ့ လာတတ်ပါတယ်။ ဒါပေမဲ့ ကင်ဆာကြောင့်ဖြစ်တဲ့ နာကျင်မှုဟာ ရင်သားတစ်ဖက်၊ နို့သီးခေါင်းတစ်ဖက်မှာပဲ နာကျင်တတ်ပါတယ်။

          Paget's Disease လို့ခေါ်တဲ့ နို့သီးခေါင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတစ်မျိုးဟာ ရှားပါးပေမယ့် အခြားရင်သားကင်ဆာများနဲ့ တွဲဖက်ပြီး ဖြစ်တတ်ပါတယ်။ ဒီလို Paget's Disease နို့သီးခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာရောဂါ ရှိသူတွေမှာ -

●        နို့သီးခေါင်း အထဲဝင်သွားခြင်း

●        အရည်ဝါဝါ (သို့မဟုတ်) သွေးရောင်များ ထွက်ခြင်း

●        ယားယံခြင်း၊ ကျဉ်ခြင်း

●        နို့သီးခေါင်းနဲ့ သားမြတ်တစ်ဝိုက်မှာ အရေပြားတွေ နီရဲခြင်း၊ အရေပြားလန်ခြင်း၊ ကွာကျခြင်း စတဲ့ လက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။

          ဒီရောဂါတွေကို သေချာအဖြေထုတ်နိုင်ဖို့ အသားစယူ စစ်ဆေးကြည့်ရပါမယ်။ ဒါကြောင့် ရှားပါးပေမယ့် ရောဂါလက္ခဏာတွေ တူနေခဲ့ရင် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုပါလိမ့်မယ်။

 

7.      ကိုယ်ဝန်ဆောင်ချိန် နာကျင်ခြင်း

          ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်တွေမှာလည်း နို့သီးခေါင်း နာကျင်တတ်ပါသေးတယ်။ ရင်သားတွေ တင်းနာလာပြီး နို့သီးခေါင်းနဲ့ သားမြတ်နားတစ်ဝိုက် အသားရောင်ရင့်လာပြီး အဖုသေးသေးလေးတွေ ပေါ်လာတတ်ပါတယ်။

          ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နဲ့ ကွက်တိကျမယ့် ရင်သားထိန်း အတွင်းခံတွေ ဝတ်ဆင်ပေးခြင်းက ပွတ်တိုက်မှုကို လျော့ကျစေပြီး နာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ညဘက်အိပ်ချိန်မှာလည်း ရင်သားထိန်းအတွင်းခံ ဝတ်ဆင်ပြီး အိပ်ခြင်းက အထောက်အကူ ပေးနိုင်သလို ကလေးမွေးပြီးချိန်ထိ နာကျင်မှုကို လျော့နည်းစေနိုင်ပါတယ်။

          နို့တိုက်မိခင်တွေမှာ နို့သီးခေါင်းတွေ နာကျင်ကိုက်ခဲတဲ့အခါ အအေးကပ်ခွာလေးတွေ ကပ်ခြင်းက သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?

          အများစုမှာ နို့သီးခေါင်းနာတာဟာ သာမန်အကြောင်းရင်းတွေကြောင့်သာ ဖြစ်တတ်ပြီး ဖြစ်စေတဲ့အကြောင်းကို ဖယ်ရှားကုသလိုက်ရင် ချက်ချင်းသက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမပျောက်သွားဘဲ တောက်လျှောက် နာနေရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)