နှလုံးတလှပ်လှပ်တုန်ခြင်း (Atrial fibrillation) က အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ အသက်ကို ပိုနှုတ်ယူနိုင်
►► အမျိုးသမီးများတွင် နံပါတ် (1) အသေအများဆုံးအကြောင်းအရင်း
အမျိုးသမီးတွေမှာ နှလုံးရောဂါကြောင့်သေဆုံးတဲ့ဖြစ်စဉ်ကိုကြည့်ရင် နှလုံးရောဂါက နံပါတ် (1) သေဆုံးရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဒီအချက်တွေကိုပြောရခြင်းကတော့ -
1. အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်မှုနဲ့ ဒီရောဂါရဲ့လူ့သက်တမ်းပေါ်အကျိုးသက်ရောက်မှုနဲ့ ဘဝအရည်အသွေးပေါ်မှာ ပိုပြီးသတိပြုမှု ရှိလာစေရန်
2. အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်ပွားမှုနဲ့ ဒီရောဂါကြောင့်သေဆုံးမှုကို လျော့ကျစေဖို့အတွက် ကုသမှုတွေကိုစမ်းသပ်မှုတွေ ပြုလုပ်နိုင်စေရန်ဖြစ်ပါတယ်။
►► နှလုံးတလှပ်လှပ်တုန်ခြင်း (Atrial Fibrillation)
Atrial Fibrillation ဆိုတာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ နှလုံးခုန်စည်းချက် ပုံမှန်မဟုတ်တဲ့ရောဂါဖြစ်ပါတယ်။ နှလုံးအပေါ်ခန်းတွေ က နှလုံးစည်းချက်ပုံမှန်မဟုတ်ဘဲ မြန်မြန် ရမ်းခါခြင်း ဖြစ်ပါတယ်။
►► ရောဂါလက္ခဏာတွေက ဘာတွေလဲ?
1. ရင်တုန်ခြင်း
2. အသက်ရှူမြန်ခြင်း
3. ရင်ဘတ်အောင့်ခြင်း
4. မူးဝေခြင်း
5. ခြေထောက်များဖောရောင်ခြင်း
6. လှုပ်လှုပ်ရှားရှားမလုပ်နိုင်ခြင်း တို့ဖြစ်ပါတယ်။ ဒီရောဂါက လေဖြတ်ခြင်းရဲ့အဖြစ်များဆုံးအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေနဲ့ယှဉ်ရင် အသက်ပိုကြီးမှ ဒီရောဂါဖြစ်လေ့ရှိပါတယ်။ ဖြစ်နိုင်ချေများတဲ့ အချက်ကတော့ သွေးတိုးခြင်းဖြစ်ပါတယ်။ ဒီရောဂါရပြီးတဲ့နောက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်သေနှုန်းပိုမြင့်ပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေက လေဖြတ်ပြီးနောက်ဆက်တွဲဆိုးကျိုးတွေနဲ့ သေနှုန်းပိုများတာကိုတွေ့ရပါတယ်။
►►နှလုံးရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်သင့်သလဲ
နှလုံးရောဂါဖြစ်နိုင်ချေကို တားဆီးနိုင်တဲ့နည်းလမ်းတွေကတော့ -
- ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းခြင်း
- နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်း
- ကိုလက်စထရောလ်ပမာဏကို မှန်မှန်စစ်ဆေးပြီး ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း
- အခွံမာသီးများနှင့် သစ်သီးများကိုအခြေခံထားသော အစားအစာများစားသုံးခြင်း
- စိတ်ဖိစီးမှုကိုလျှော့ချခြင်း
နှလုံးရောဂါလက္ခဏာတွေခံစားရပြီလို့ထင်ရင် ဆရာဝန်နဲ့စောစောပြပါ။ စောစောပြခြင်းဖြင့် နှလုံး လုပ်ငန်းတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ကုသမှုရရှိနိုင်ပါတယ်။ နောက်ကျရင်တော့ မပျက်စီးသေးတဲ့ နှလုံး အစိတ်အပိုင်းတွေကိုပဲ ကျန်းမာအောင်ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe






























