/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နှလုံးရောဂါရှိသော-အမျိုးသမီးငယ်များအပေါ်-စိတ်ဖိစီးမှုရဲ့

နှလုံးရောဂါရှိသော အမျိုးသမီးငယ်များအပေါ် စိတ်ဖိစီးမှုရဲ့ အကျိုးသက်ရောက်မှု

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အသစ်သစ်သော သုတေသနပြုလုပ်ချက်များအရ စိတ်ဖိစီးမှုဟာ နှလုံးရောဂါရှိတဲ့အမျိုးသမီးငယ်လေးများအပေါ်တွင် အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

          သုတေသနပညာရှင်တွေဟာ နှလုံးရောဂါအခံရှိတဲ့ အမျိုးသားနဲ့အမျိုးသမီး 700 တို့ကို စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ လူထုဟောပြောပွဲတွင်ပါဝင်စေပြီးနောက် နှလုံးသို့သွေးစီးဆင်းမှုကို တိုင်းတာခဲ့ကြတာဖြစ်ပါတယ်။ အသက် 50 နှင့်အောက် အမျိုးသမီးတွေဟာ သက်တူရွယ်တူအမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေထက် နှလုံးသို့သွေးစီးဆင်မှုနှုန်း လေးဆခန့်လျော့ကျခဲ့ကြောင်း သုတေသနလုပ်ငန်းခေါင်းဆောင် Dr.Viola Vaccarino ကပြောကြားခဲ့ပါတယ်။ သူမဟာ Attanta မှာရှိတဲ့ လူထုအကျိုးပြုကျန်းမာရေးပညာတက္ကသိုလ်ရဲ့ ရောဂါဖြစ်စဉ်ကို ရှာဖွေရေးဌာနရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

          နှလုံးသို့သွေးမရောက်ခြင်းကြောင့် နှလုံးတိုက်ခိုက်မှုခံရနိုင်ကြောင်း၊ ငယ်ရွယ်တဲ့အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် အမျိုသားများနှင့်အမျိုးသမီးကြီးထက်စာရင် နှလုံးတိုက်ခိုက်ခံရမှုပိုမိုဖြစ်နိုင်ကြောင်း သိရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေဟာ အဲဒီအကြောင်းကိုယခင်ကတည်းက သိခဲ့ကြသော်လည်း ဘာကြောင့်လဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ကြပေ။ ယခုစမ်းသပ်ချက်ဟာ ထိုကဲ့သို့ဒွိဟဖြစ်နေမှုကို အဆုံးသတ်နိုင်လိမ့်မယ်ဟု မျှော်လင့်ကြောင်းလည်း သူမကဆိုပါတယ်။

          နယူးယောက်ခ်မြို့ Lenox ဆေးရုံရဲ့ အမျိုးသမီးနှလုံးကျန်းမာရေးဌာနမှ ဒါရိုက်တာဖြစ်သူ Dr Suzanne Steinbawn ကလည်း သုတေသနပြုလုပ်ချက်ဟာ ပျောက်ဆုံးနေတဲ့သတင်းအချက်အလက်အချို့အတွက် များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု ထောက်ခံပြောကြားခဲ့ပါတယ်။

          ၎င်းသုတေသနစမ်းသပ်ချက်တွင် အသက် 34 နှစ်မှ 79 နှစ်အတွင်းရှိ နှလုံးရောဂါသည် 686 ဦးကို စင်ပေါ်တွင် မိန့်ခွန်းတက်ရောက်ပြောကြားခိုင်ခဲ့ပါသည်။ နားထောင်သူတွေကိုလည်း ငြိမ်သက်စွာနားမထောင်စေဘဲ စကားပြောသူတွေကို စိတ်ဖိစီးမှုများအောင် ပြုလုပ်ခဲ့ပါတယ်။ မိန့်ခွန်းမပြောမီနဲ့ ပြောပြီးစမ်းသပ်ချက်တွေအရ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ သက်တူရွယ်တူအမျိုးသားတွေထက် နှလုံးသို့သွေးစီးဆင်းနှုန်းကျဆင်းခဲ့သော်လည်း အသက်ကြီးတဲ့အမျိုးသားနှင့်အမျိုးသမီးများတွင်တော့ မည်သည့်ခြားနားမှုမျှ မတွေ့ရှိခဲ့ရပေ။

                   သုတေသနပညာရှင်တွေ၏အဆိုအရ အမျိုးသမီးအများစုသည် အသက် 30၊ 40 နှင့် 50 အရွယ်အစောပိုင်းတို့တွင် အလုပ်၊ မိသားစုနှင့် ငွေရေးကြေးရေးပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရတာဖြစ်တယ်လို့သိရပါတယ်။ ထို့ပြင် နှလုံးရောဂါရှိသော အမျိုးသမီးငယ်များတွင် လူနေမှုဘ၀၏ စိတ်ဖိစီးမှုဖြစ်စေနိုင်သောအရာများကို ပိုမိုလေ့လာဆန်းစစ်ရန်လိုအပ်ပြီး ၎င်းတို့ကိုရင်ဆိုင်နိုင်ရန် အထောက်အပံ့လည်းပိုမိုပေးသင့်ကြောင်းလည်း ဖော်ပြထားပါတယ်။ အမျိုးသမီးများသည် အကူအညီလိုသည်ကို မိမိဘာသာသိရှိရန်မှာ အလွန်အရေးကြီးပြီး နည်းစနစ်ကျစွာဖြေရှင်းတတ်ရန် လိုအပ်ကြောင်းလည်း Dr.Suzanne က အကြံပေးထားပါတယ်။

          အမျိုးသမီးများသည် နှလုံးရောဂါမဖြစ်ပွားအောင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှနည်းအောင်နေထိုင်၍ လေ့ကျင့်ခန်းလည်းမှန်မှန်ပြုလုပ်သင့်ကြောင်း Dr.Viola က လမ်းညွှန်ပေးထားပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ကျဝေဒနာနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေသာမက နှလုံးရောဂါဖြစ်နိုင်ချေကိုပါ လျော့နည်းစေနိုင်ပါတယ်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အမျိုးသမီးများသည် သူတို့၏ နှလုံးကိုသာမက စိတ်ဓာတ်ကိုပါ ဂရုစိုက်ခြင်းပင်ဖြစ်ပါတယ်ဟု သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

Dr. Thinzar Wynn(www.drmyanmar.com)