ပထမဆုံး ဓမ္မတာလာချိန်နဲ့ ကျန်းမာရေး
အပျိုဖော်ဝင်ချိန်မှာ ပထမဆုံး ဓမ္မတာလာတဲ့အချိန်ကို မှတ်မိနေကြမှာပါနော်။ ဒီဓမ္မတာလာချိန်ဟာ ဘဝရဲ့ကျန်းမာရေးမှာ အရေးပါတဲ့အချက်အနေနဲ့ တည်နေတယ်ဆိုတာကိုရော သိကြရဲ့လား။
၁။ ပထမဆုံး ရာသီလာချိန်ဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းပေးနိုင်ပါတယ်
အပျိုဖော်ဝင်ချိန် စောလား (၁၀ နှစ် မတိုင်မီ) ၊ နောက်ကျလား (၁၇ နှစ် နောက်ပိုင်း) ဆိုတာကနေ စကြည့်ကြရပါမယ်။ ပုံမှန်အပျိုဖော်ဝင်ချိန်ထက် ဒီလိုစောလွန်း နောက်ကျလွန်းသူတွေဟာ နှလုံး၊ သွေးတိုး၊ လေဖြတ်လေဖြန်းဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ ဆက်နွယ်မှုကိုတော့ ရှာမတွေ့ကြသေးပါဘူး။
၂။ ပထမဆုံး ရာသီလာချိန်ဟာ ကိုယ်အလေးချိန်ပေါ် သက်ရောက်မှု ရှိပါတယ်
အသက် ၁၂ နှစ် မတိုင်မီ အပျိုဖော်ဝင်ခြင်းဟာ နောက်ပိုင်းမှာ အဆီစုခြင်း၊ အဝလွန်ခြင်းတွေနဲ့ တွဲနေတယ်လို့ ဆိုပါတယ်။ ကြက်မ ဘယ်ကစ ကြက်ဥကစ ဆိုသလိုပါပဲ။ ပြောရတော့ ခက်ပါတယ်။ စောစောအပျိုဖော်ဝင်သူတွေဟာ ကလေးဘဝမှာကတည်းက ဝတတ်ကြပါတယ်။ ဒီတော့ လူကြီးဘဝအထိပါ ကိုယ်အလေးချိန် များတတ်ကြတာပေါ့။
၃။ ပထမဆုံး ရာသီလာချိန်ဟာ ဆီးချိုဖြစ်နှုန်းကို ခန့်မှန်းပေးနိုင်ပါတယ်
လေ့လာမှုအရဆိုရင် အသက် ၁၃ နှစ်မှ အပျိုဖော်ဝင်သူတွေထက်စာရင် အသက် ၈ နှစ်မှ ၁၁ နှစ်အတွင်း အပျိုဖော်ဝင်သူတွေဟာ ဆီးချိုဖြစ်ဖို့ ၇၀% ပိုများတယ်လို့ သိရပါတယ်။ အပျိုဖော်စောဝင်ခြင်းဟာ အဝလွန်ခြင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် ဆီးချိုပိုဖြစ်စေနိုင်တာလည်း ပါပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေ စောစောစီးစီး ကြုံတွေ့ရတဲ့အတွက် အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်နိုင်မှု အပြောင်းအလဲတွေဖြစ်ပြီး နောက်ပိုင်းကာလမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများလာတာ ဖြစ်နိုင်ပါတယ်။
၄။ ပထမဆုံး ရာသီလာချိန်ဟာ ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးကိုလည်း ခန့်မှန်းပေးပါတယ်
သွေးဆိပ်တက်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်တွေတက်ပြီး အင်္ဂါအစိတ်အပိုင်းတွေ အထူးသဖြင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ မကုသဘဲထားရင် ကလေးရော အမေကိုပါ အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ လေ့လာမှုအရ အသက် ၁၃ နှစ်မှ အပျိုဖော်ဝင်သူတွေထက်စာရင် အသက် ၁၀ နှစ်နဲ့အောက်မှာ အပျိုဖော်ဝင်သူတွေဟာ သွေးဆိပ်တက်နိုင်ခြေ ပိုများပါတယ်။ အဝလည်းလွန်နေပြီး ၁၁ နှစ် မတိုင်ခင်ကတည်းက အပျိုဖော်ဝင်တယ်ဆိုရင်တော့ ပိုအခွင့်အလမ်း များသွားပါပြီ။
၅။ ပထမဆုံး ဓမ္မတာလာချိန်ဟာ ရင်သားကင်ဆာဖြစ်နှုန်းကိုလည်း သက်ရောက်မှု ရှိစေနိုင်ပါတယ်
ဓမ္မတာလာတဲ့နှစ်ကြာလေ ရင်သားကင်ဆာဖြစ်နှုန်း များလေလို့ ဆိုပါတယ်။ ဒါကြောင့် ၁၄ နှစ်မှာ အပျိုဖော်ဝင်သူထက်စာရင် ၁၂ နှစ်မှာ အပျိုဖော်ဝင်သူက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀% ပိုများတာပေါ့။ နောက် ၄၅ နှစ်မှာ သွေးဆုံးသူထက်စာရင် ၅၅ နှစ်မှ သွေးဆုံးသူတွေဟာလည်း ရင်သားကင်ဆာဖြစ်နိုင်ခြေ ၃၀% ပိုများပါတယ်။ အဓိကကတော့ ဘဝတစ်သက်တာ အီစထရိုဂျင်ထုတ်တဲ့ပမာဏ များလေလေ ရင်သားကင်ဆာဖြစ်နှုန်း များလေလေမို့ပါပဲ။
၆။ ပထမဆုံး ဓမ္မတာလာချိန်ဟာ သွေးဆုံးချိန်ကို ကြိုတင် မခန့်မှန်းပေးနိုင်ပါဘူး
ပျမ်းမျှအားဖြင့်ဆိုရင် မိန်းကလေးတစ်ယောက်ဟာ အသက် ၁၂ နှစ်မှာ အပျိုဖော်ဝင်ပါတယ်။ အပျိုဖော်ဝင်တာ နောက်ကျလို့လည်း သွေးဆုံးနောက်ကျမယ်လို့ မဆိုနိုင်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၅၁ နှစ်ဝန်းကျင်လောက်မှာ သွေးဆုံးလေ့ ရှိပါတယ်။ မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်ခြင်းနဲ့ တခြားအကြောင်းရင်းတွေ အများကြီးက သွေးဆုံးခြင်းအပေါ် သက်ရောက်မှု ရှိနေပါတယ်။
၇။ ပထမဆုံး ဓမ္မတာလာချိန်ဟာ ဘယ်လောက် အသက်ရှည်မယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်
လတ်တလော လေ့လာမှုတစ်ခုအရဆိုရင် အပျိုဖော်ဝင်ချိန်နောက်ကျသူ သွေးဆုံးချိန်နောက်ကျသူတွေဟာ အသက် ၉၀ လောက်အထိ နေနိုင်တယ်လို့ သိရပါတယ်။ အသက် ၁၂ နှစ်ကျော်မှ ဓမ္မတာလာသူတွေမှာ နှလုံးသွေးကြောကျဉ်း၊ ဆီးချို စတဲ့ရောဂါတွေ အဖြစ်နည်းသလို အသက် ၅၀ ကျော်မှ သွေးဆုံးသူတွေမှာလည်း ယေဘုယျ ကျန်းမာရေးကောင်းတာကို တွေ့ရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























