ပျိုမေတို့ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ကျန်းမာစေဖို့အတွက် သိထားသင့်သောအချက်များ
ကိုယ်စိတ်နှလုံး သုံးပါးစလုံး ကျန်းမာစေဖို့အတွက် မှန်ကန်တဲ့ အစားအသောက်ပုံစံ၊ လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အစီအစဉ်အားလုံးက အရေးကြီးတဲ့ အခန်းကဏ္႑က ပါဝင်ပါတယ်။
>> နှလုံးကျန်းမာစေတဲ့ အစားအစာတွေ စားပါ။
နှလုံးရောဂါနဲ့ လေဖြတ်ခြင်းစတဲ့ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါအစားအစာ ပုံစံအတိုင်း စားသုံးပါ။
• သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။
• ပြုပြင်မထားသော အစေ့အနှံများ စားသုံးပါ။ ဖြူဆွတ်နေတဲ့ ဆန်အစား အညိုရောင်ဆန် စားပါ။
• ဝက်သား၊ ငါး၊ ပဲ စတဲ့ အဆီမပါတဲ့ အသားဓာတ်များကို စားသုံးပါ။
• ပြုပြင်ထားသော ကြာရှည်ခံ အစားအစာများ၊ သကြား၊ ဆားနဲ့ ပြည့်ဝဆီများကို လုံးဝရှောင်ကြဉ်ပါ။
>> လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။
လှုပ်ရှားမှု များလေလေ ကျန်းမာရေးအတွက် ကောင်းလေလေပါပဲ။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နှလုံး ကျန်းမာစေပြီး အရိုးနဲ့ ကြွက်သားတွေကို သန်မာစေတဲ့အပြင် ကျန်းမာရေးပြဿနာတွေကိုလည်း လျော့နည်းစေပါတယ်။
တစ်ပတ်ကို လမ်းအမြန်လျှောက်ခြင်း၊ ကခြင်း ကဲ့သို့သော အသင့်အတင့် လှုပ်ရှားမှုမျိုး 2 နာရီခွဲခန့် လုပ်နိုင်အောင် ရည်ရွယ်ပါ။ ဒီလိုလုပ်တာ အဆင်ပြေပြီဆိုရင် ပြေးခြင်း၊ တင်းနစ်ရိုက်ခြင်း ကဲ့သို့သော ပိုပြီးပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို 1 နာရီ 15 မိနစ်ခန့်ကြာအောင် တိုးပြီး လုပ်ပါ။ အခြားလေ့ကျင့်ခန်းတွေလည်း တွဲလုပ်ပါ။
အလုပ်ရှုပ်တယ် ဆိုရင်တော့ တစ်နေ့လုံး လှုပ်ရှားမှုအတိုလေးတွေ လုပ်ဖြစ်အောင် ကြိုးစားပါ။ မကြာခဏ လမ်းလျှောက်ပါ။ အကောင်းဆုံးက တစ်နေ့ကို ခြေလှမ်း 10,000 လျှောက်ပါ။ လှေကားတွေ တက်ပါ။ ကားကို ဝေးဝေးမှာရပ်ပြီး သွားရမယ့်နေရာကို လမ်းလျှောက်သွားပါ။
>> ကိုယ်အလေးချိန် လျှော့ချပါ။
ကိုယ်အလေးချိန်ကို သင့်တင့်တဲ့ပမာဏမှာ ထိန်းသိမ်းထားခြင်းအားဖြင့် နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဖြည်းဖြည်းမှန်မှန် ချပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားခြင်းဖြင့် တစ်ပတ်ကို 1-2 ပေါင်လောက် ကျအောင်လုပ်ပါ။ နေ့တိုင်း 1 နာရီလောက် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ဖို့ မလိုပါဘူး။ နည်းနည်းချင်း လှုပ်ရှားပေးတာကလည်း အထောက်အကူ ဖြစ်ပါတယ်။
ဒီကမှ တစ်ဆင့်တက်ပြီး အချိန်နဲ့ ပြင်းထန်မှု ပိုတိုးပါ။ ကိုယ်အလေးချိန် အများကြီး ကျချင်တယ် ဆိုရင်တော့ တစ်ပတ်ကို လေ့ကျင့်ခန်း မိနစ် 300 ကြာအောင် လုပ်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းကလည်း အထောက်အကူ ဖြစ်စေပါတယ်။ သကြားဖြတ်ပါ။ ဆိုဒါနဲ့ သကြား၊ ကဖင်းဓာတ်တွေ ပါဝင်တဲ့ အချိုရည်တွေ ရှောင်ပါ။
>> ပုံမှန်ဆေးစစ်ပါ။
ဆေး ပုံမှန်စစ်ပါ။ ပုံမှန် ဆေးစစ်ပေးခြင်းအားဖြင့် ရောဂါ စောစောသိပါက စောစီးစွာ ကုသနိုင်ပါတယ်။
>> အတတ်နိုင်ဆုံး စိတ်ဖိစီးမှုမရှိအောင် နေပါ။
စိတ်ဖိစီးမှု လုံးဝမရှိအောင် နေဖို့ဆိုတာတော့ မလွယ်ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းလမ်းတွေ ရှာပါ။ စိတ်ဖိစီးမှု သက်သာစေဖို့အတွက် အောက်ပါအချက်တွေကို ကြိုးစားလေ့ကျင့်ကြည့်ပါ။
• အသက်ပြင်းပြင်းရှူပါ။
• တရားထိုင်ပါ။
• ယောဂကျင့်ပါ။
• အနှိပ်ခံပါ။
• လေ့ကျင့်ခန်းလုပ်ပါ။
• ကျန်းမာရေးနဲ့အညီ စားသုံးပါ။
• မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အတိုင်ပင်ခံ ဆွေးနွေးပေးသူတွေနဲ့ စကားပြောပါ။
>> ကျန်းမာရေးနဲ့ ညီညွတ်တဲ့အကျင့်တွေကို လေ့ကျင့်ယူပါ။
• တစ်နေ့ကို သွားနှစ်ကြိမ် တိုက်ပါ။ နေ့စဉ် သွားပွတ်ကြိုးနဲ့ သေချာပွတ်ပါ။
• ဆေးလိပ်မသောက်ပါနှင့်။
• အရက် အလွန်အကျွံ မသောက်ပါနဲ့၊ တစ်နေ့ကို တစ်ခွက်ပဲ သောက်ပါ။
• ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးအတိအကျ သောက်ပါ။
• တစ်နေ့ကို 8 နာရီ အိပ်ပါ။
• နေကာခရင်မ်လိမ်းပြီးမှ နေရောင်အောက်ကို ထွက်ပါ။
• ကားမောင်း ကားစီးရင် ထိုင်ခုံခါးပတ်ကို သေချာပတ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























