ဘရာဇီယာ ထပ်ဝယ်ဖို့လိုတဲ့အချိန်
1. ရင်သားက ဘရာဇီယာအပြင်သို့ ဖောင်ကားထွက်နေခြင်း
ဝတ်ထားတဲ့ဘရာဇီယာဟာ ရင်အုံတစ်လုံးကိုအုပ်မိဖို့ လိုအပ်ပါတယ်။ ရင်သားကို အပေါ်ကို မြှင့်တင်ပေးတဲ့ ဘရာဒီဇိုင်းကို ဝတ်ဆင်မယ်ဆိုရင်တောင်မှ ပိုကြီးတဲ့ဘရာအရွယ်အစားကို ရွေးချယ်မှသာ နူးညံ့တဲ့ရင်သားတစ်သျှူးအပေါ်မှာ တင်းကျပ်တဲ့ဖိအားသက်ရောက်မှုမရှိစေမှာ ဖြစ်ပါတယ်။
2. ရင်သားက ဘရာအောက်မှ အပြင်သို့ ကျွံနေခြင်း
မိမိရင်အုံထက် အရွယ်အစားသေးတဲ့ဘရာကို ရွေးချယ်မိတာကြောင့် ဖြစ်ပါတယ်။ ဘရာဝိတ်ရဲ့ အလယ်ဗဟိုဟာ ရင်ညွန့်ရိုးနှင့် ကပ်လျက်အနေအထားမှာသာ ရှိသင့်ပါတယ်။
3. နောက်ဆုံးချိတ်တွင် ချိတ်မှသာ အဆင်ပြေခြင်း
ဘရာမှာ အလျော့အတင်းလုပ်ဖို့အတွက် ချိတ်တွေပါလေ့ရှိပါတယ်။ အချိန်ကြာလာတာနင့်အမျှ ဘရာဟာ လျော့လျဲလာတာကြောင့် တင်းတင်းကျပ်ကျပ်ရှိနေစေဖို့ ချိတ်ကိုအရှေ့တိုးပြီး ချိတ်နိုင်အောင် စီမံထားတာ ဖြစ်ပါတယ်။ ပထမအကြိမ် ဝတ်ကြည့်စဉ်အခါကတည်းက နောက်ဆုံးချိတ်မှာ ချိတ်နေရပါက ပိုကြီးတဲ့ဘရာဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။
4. နာကျင်မှုဝေဒနာ ခံစားရခြင်း
လည်ပင်းနှင့် နောက်ကျောဘက်မှာ နာကျင်မှုကို ခံစားနေရခြင်းဟာ ဘရာက မှန်ကန်တဲ့ထောက်ပံ့မှု မရခြင်းကြောင့်ဖြစ်ပြီး ဘရာအရွယ်အစား မှားယွင်းနေတဲ့လက္ခဏာ ဖြစ်ပါတယ်။
5. ဘရာရဲ့အနောက်ဘက်က အရှေ့ဘက်ထက်မြင့်နေခြင်း
မှန်ရှေ့တွင် ဘေးတိုက်အနေအထားဖြင့်ရပ်ပြီး ဘရာရဲ့အရှေ့ဘက်နှင့် အနောက်ဘက်အနေအထားကို ယှဉ်ကြည့်ပါ။ အရှေ့အနောက် ရေပြင်ညီအနေအထားဖြင့် တနေရာတည်းရှိနေရမှားအစား အနောက်ဘက်က အရှေ့ဘက်ထက် ပိုမြင့်နေပါက မှားယွင်းတဲ့ဘရာကို ရွေးချယ်မိတာ ဖြစ်ပါတယ်။
6. ပခုံးသိုင်းကြိုးအရာ ထင်ကျန်နေခြင်း
ပခုံးသိုင်းကြိုးဟာ ပခုံးပေါ်တွင် မြဲမြံစွာ ရှိသင့်တယ်ဆိုပေမယ့် အရာထင်ကျန်သည့်တိုင်အောင် နစ်ဝင်နေပါက ဘရာက မနိုင်ဝန်ထမ်းထားရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
7. ဘရာတစ်ထည်ကို နှစ်အတော်ကြာအောင် ဝတ်ဆင်ခြင်း
ကိုယ်အလေးချိန် အတက်အကျရှိတာကြောင့် ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဘရာအရွယ်အစားကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























