ဘာ တားဆေးသုံးကြမလဲ
သားသမီးဆိုတာ ရတနာပေမယ့် အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ ရလိုက်ရင်တော့ ဒုက္ခတစ်ခုပါပဲ။ မလိုချင်လို့ ဖျက်ချရင်လဲ အန္တရာယ်များတဲ့အတွက် ကိုယ်ကလေးယူဖို့ အဆင်သင့်မဖြစ်သေးရင် တားထားဖို့လိုပါတယ်။ ယနေ့ခေတ်မှာ သနေ္ဓတားဖို့အတွက် နည်းလမ်းတွေ များပြားလှပါတယ် ။
ကွန်ဒုံးကနေ အစပြုလို့ လက်မောင်းတွင်းထည့်တဲ့ ပစ္စည်းအထိ ရွေးချယ်စရာတွေ အများကြီးပါပဲ။ ဒါပေမဲ့ နည်းလမ်းတိုင်းဟာ လူတိုင်းနဲ့ သင့်တော်တာ မဟုတ်ပါဘူး။ သနေ္ဓတားတော့မယ်ဆိုရင် သနေ္ဓတားနည်းနဲ့ အကျိုးနဲ့အပြစ်ကို ချိန်ဆပြီး မိမိနှင့် အသင့်တော်ဆုံးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး ရွေးချယ်နိုင်ဖို့ ကျန်းမာရေး၀န်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
>> ကလေး ဘယ်အချိန်ယူမှာလဲ?
ဘယ်လောက်ကြာကြာ သနေ္ဓတားခြင်းလည်းဆိုတဲ့ အချက်ပေါ်လည်း မူတည်ပြီးတော့ စဉ်းစားရမှာပါ။ မကြာခင်အချိန်အတွင်းမှာ ကလေးယူဖို့ အစီအစဉ်ရှိတယ် ဆိုပါတော့ ဖြတ်ရလွယ်ပြီး အချိန်တိုအတွင်း ကလေး ပြန်ရနိုင်တဲ့ ကွန်ဒုံး၊ ဒါမှမဟုတ် တားဆေးကတ်တွေက သင့်လျော်ပါတယ်။ IUCD ကဲ့သို့ သားအိမ်တွင်းထည့်ပစ္စည်းတွေကတော့ ရေရှည် သနေ္ဓတားချင်သူတွေအတွက် အိုကေစေမှာပါ။ သားကြော အပြီးဖြတ်ပစ်လိုက်ပြီး နောက်မှ ကလေး ပြန်လိုချင်တယ်ဆိုရင် အခက်တွေ့နိုင်တာမို့ အဆင်ပြေလှတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကလေးများတဲ့ မိသားစုဆိုရင်တော့ တစ်မျိုးပေါ့။
>> ဘေးထွက်ဆိုးကျိုးတွေက ကိုယ်နဲ့ အဆင်ပြေမှာပါ့မလား?
ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရည်ကိုလည်း ထည့်စဉ်းစားရမှာပါ။ အထူးသဖြင့် ဟော်မုန်းပါတဲ့ တားဆေးတွေကြောင့် ပျို့အန်တာ၊ ကိုယ်အလေးချိန် တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အသားအရေ ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အချို့ဆေးတွေက ရာသီ ကမောက်ကမ ဖြစ်စေတာကြောင့် သနေ္ဓတားနည်းတစ်ခုခုကို ရွေးချယ်တော့မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဆရာ၀န်နှင့် ဆွေးနွေးပါ။
>> နေထိုင်မှုပုံစံနဲ့ရော လိုက်ရဲ့လား?
ပဋိသနေ္ဓတားတဲ့နည်းလမ်းတွေဟာ ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာမှသာ ထိရောက်မှု အပြည့်အ၀ရမှာ ဖြစ်ပါတယ်။ မေ့တတ်တဲ့ အမျိုးသမီးအတွက် နေ့စဉ်အချိန်မှန်မှန် သောက်ရမယ့် သနေ္ဓတားဆေးက အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ကွန်ဒုံးကလည်း ထိုနည်းလည်းကောင်းပါပဲ။ လိင်ဆက်ဆံချိန်တိုင်း အသုံးပြုဖို့ အဆင်မပြေဘူးဆိုရင် အစကတည်းက တခြားနည်းလမ်း (IUD, ထိုးဆေး) ရွေးချယ်ပါ။ ဆေးလိပ်သောက်တတ်သူ ဖြစ်ပါက ကိုယ်၀န်ဆောင်ဆေးကဒ်ကို ရွေးချယ်ပါက သွေးခဲနှုန်း၊ နှလုံးရောဂါဖြစ်နှုန်းကို မြင့်တက်စေတာကြောင့် ဆေးလိပ်ဖြတ်မလား၊ တခြားနည်းလမ်း ပြောင်းသုံးမလား စဉ်းစားရမှာ ဖြစ်ပါတယ်။
>> လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုနေလား?
လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဟာ ကွန်ဒုံး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ခင်ပွန်း/ချစ်သူဟာ လိင်ဆက်ဆံဖော်များသူတွေ၊ တစ်ယောက်နှင့်အထက် ရှိသူဆို အကာအကွယ်ပစ္စည်း သုံးသင့်ပါတယ်။ မမေ့စေချင်ပါဘူး။
>> ရောဂါအစ/ရောဂါရာဇ၀င်
ကိုယ့်မှာ ရောဂါရှိတယ်ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ လေဖြတ်ရောဂါ၊ အသည်းရောဂါ ရာဇ၀င်ရှိသူတွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသူတွေ၊ ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာ ဖြစ်ဖူးသူတွေက ဟော်မုန်းပါ၀င်တဲ့ သနေ္ဓတားဆေးတွေ သုံးလို့မသင့်ပါဘူး။ ဒါကြောင့် နည်းလမ်းမရွေးချယ်ခင်မှာ ကိုယ့်ရဲ့ရောဂါရာဇ၀င်နှင့် ပတ်သက်ပြီး ဆရာ၀န်ကို ပြောပြဖို့ လိုပါတယ်။
>> ငွေကြေးအခြေအနေ
သနေ္ဓတားနည်း တစ်ခုချင်းဆီတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပြီး ဈေးကြီးတိုင်းလည်း ကိုယ်နှင့် အဆင်ပြေချင်မှ ပြေတာပါ။ မိမိတတ်နိုင်တဲ့ ငွေကြေးပမာဏ တိုင်းတာပြီး သင့်လျော်တဲ့ သနေ္ဓတားနည်းကို ရွေးချယ်ပါ။ တချို့သနေ္ဓတားနည်းတွေက ကုန်ကျစရိတ် များပေမယ့် အာနိသင်ပြချိန်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် တစ်လ ကုန်ကျစရိတ်က မပြောပလောက်ပါဘူး။
>> ဘယ်လောက် ထိရောက်မှုရှိလဲ?
သနေ္ဓတားနည်း တစ်ခုနဲ့ တစ်ခု ထိရောက်မှု မတူညီတဲ့အတွက် သေသေချာချာ တိုင်ပင်ဆွေးနွေးပါ။
Dr. Htet Htet Aung (www.drmyanmar.com)






























