မကြာခဏ စိတ်ဆိုးဒေါသထွက်နေရတဲ့ မေမေတို့အတွက် အကြံပြုချက်များ
သားသားမီးမီးတွေကလည်း မလိမ္မာ၊ အိမ်ကိစ္စတွေက အဆင်မပြေ၊ ဟင်းအိုးက တူး၊ ခင်ပွန်းကလည်း အချိုးမပြေနဲ့ စိတ်ဖိအားပေါင်းစုံကို ဒေါသအနေနဲ့ ပေါက်ကွဲတတ်ကြတဲ့မေမေတို့ကို စိတ်ပညာသုတေသီတွေက ဟောဒီလိုလေးတွေ အကြုံပြုထားပါတယ်။
ဒေါသထွက်တာ အပြစ်တော့ မဟုတ်ဘူးနော်။ ဒေါသဆိုတာ ခန္ဓာကိုယ်ရဲ့ သာမန်တုံ့ပြန်မှုမို့ အတင်းချုပ်ထိန်းစရာ မလိုသလို ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်တဲ့အခါ ပြဿနာကြီးကြီးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် မလိမ္မာတဲ့ သားသားမီးမီးတွေကို ဆုံးမရင်း အသံရော စိတ်ရော မထိန်းနိုင်တဲ့အခါ ကလေးဘက်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်သွားသလို မေမေတို့ဘက်မှာလည်း အားတွေကုန် စိတ်တွေမချမ်းမသာ ဖြစ်ရလေ့ ရှိပါတယ်။
ကလေးတွေအတွက် အထိတ်တလန့် ဖြစ်စရာက သူတို့တွေရဲ့အားကိုးရာလို့ ယူဆထားတဲ့ မိဘတွေရဲ့ ဒေါသပါတဲ့။ မိဘတွေ ဒေါသထွက်တဲ့အခါ ဘာလုပ်ရမှန်းမသိအောင် ထိတ်လန့်စိုးရိမ်ရတဲ့ ချစ်စရာ့အရွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကာကွယ်ဖို့ ဒီလိုလေးတွေ တစ်နည်းတစ်ဖုံ ကာကွယ်ကြည့်ကြရအောင်။
ဒေါသ ငယ်ထိပ်တက်လာတာရဲ့ လက္ခဏာတွေကို သိပါ။ မိမိကိုယ်မိမိ သိတာထက် ကောင်းတဲ့ချုပ်ထိန်းနိုင်စွမ်း မရှိတော့ပါဘူး။
● ရင်တွေ တုန်လာမယ်။
● ဝမ်းထဲမှာ ဟာလာမယ်။
● တဆတ်ဆတ် တုန်လာမယ်။
● အသက်ရှူတွေ မြန်လာမယ်။
● ပခုံးတွေ တောင့်တင်းလာမယ်။
● အံတွေ ကျိတ်လာမယ်။
● ချွေးစေးတွေ စထွက်လာမယ်။
ဒါမျိုးလေးတွေ စဖြစ်လာပြီဆိုရင် ငါ စိတ်စတိုနေပြီ။ ထပ်မဆိုးခင် မြန်မြန်ထိန်းမှ ဆိုတာမျိုး စဉ်းစားလို့ရမှာ ဖြစ်ပါတယ်။
ဒေါသထိန်းတဲ့အခါ အရင်ဆုံး တွေးရမှာက ငါ ဘာဖြစ်နေတာလဲပေါ့။ စိတ်တို ဒေါသထွက်ရတာဟာ ဘာကြောင့်လဲ မစဉ်းစားခင် ငါတော့ စိတ်တိုနေပြီ။ ဘာမှ ထပ်မဆိုးလာခင် ဘာလုပ်သင့်သလဲပေါ့။
● အသက်ဝဝ ရှူပါ။
● သီချင်း ဖွင့်လိုက်ပါ။
● အပြင်ထွက် လမ်းလျှောက်ပါ။
● ရေချိုးခန်းဝင်ပြီး ရေလောင်းချိုးလိုက်ပါ။
● အိပ်ခန်းထဲဝင်ပြီး လှဲချလိုက်ပါ။
>> နည်းနည်း စိတ်ငြိမ်သွားတဲ့အခါ ...
● ဒီကိစ္စကြောင့် ငါ ဒီလောက် ဒေါသထွက်လောက်တဲ့အထိ တန်လို့လားပေါ့။
● ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ။
● ဒီတိုင်းပဲ လွှတ်ထားလိုက်ရင်လည်း အဆင်ပြေမလား ဆိုတာလေးတွေ
ကလေးတွေအတွက် မိမိကိုယ်မိမိ စံပြအနေနဲ့ပြပါ။
အော်ပစ်လိုက်တာ အဲလောက်တော့ ပြဿနာမရှိနိုင်ပါဘူး။
ကိုယ်မနိုင်တဲ့ကိစ္စတွေအတွက် စိတ်တိုဒေါသထွက်ရတာ တကယ်တော့ လူတိုင်းကြုံနေရတဲ့ မဆန်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဒေါသ ငြိမ်သွားတာနဲ့ တစ်ခုခု ပြန်ဖြေရှင်းပါ။
ဒေါသထွက်မိလို့ စိတ်မကောင်းပါဘူး။
" သားသားကို အော်မိလို့ စိတ်မကောင်းဘူးနော်၊ မေမေ သိပ်စိတ်တိုနေလို့ပါ "
" မေမေ ဒီလိုမပြောသင့်ဘူးလို့ ထင်တယ်၊ နောက်မှ ဆက်ပြောတော့မယ် "
ဒီနေရာမှာ တစ်ခုစဉ်းစားစရာရှိတာက ကလေးတွေဟာ သူတို့ကို မွေးထုတ်ခဲ့တဲ့မိဘတွေကို အလွန်နားလည်နိုင်ပါတယ်။ သူတို့ရဲ့ သဘောပေါက်နိုင်စွမ်းကို လျှော့မတွက်ပါနဲ့။ လိုအပ်ရင် တောင်းပန်ပါ။ မိမိစိတ်တွင်းမှာဖြစ်နေတဲ့ သောကကို ရှင်းပြပါ။ စကားတတ်စ ကလေးဆိုရင်တောင် မျက်နှာအမူအရာကိုကြည့်ပြီး စိတ်ပြေတာ၊ သူ့ကိုပြန်ချော့နေတာ မိခင်က သူ့ကို ဂရုတစိုက်ရှိတာကို ခံစားမိတတ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေကြောင့် ဒေါသထွက် စိတ်ဆိုးရတဲ့အခါ ဖော်ပြပါအချက်လေးတွေကို လက်တွေ့အသုံးချပြီး ပညာရှိရှိနဲ့ မိမိစိတ်ကို ထိန်းချုပ် ကိုင်တွယ်နိုင်ကြဖို့ ကြိုးစားကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























