မိန်းမကိုယ်ကျုံ့ခြင်း
မိန်းမကိုယ်သေးကျုံ့ခြင်း (vaginal atrophy) ဟာ မိန်းမဟော်မုန်း (estrogen) ပမာဏ ကျဆင်းလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကို ဟော်မုန်းကုထုံးဖြင့် ကုသနိုင်ပါတယ်။
အမျိုးသမီးအများစုဟာ မိန်းမကိုယ်သေးကျုံ့ခြင်းကို သွေးဆုံးခြင်း မတိုင်မီနဲ့ သွေးဆုံးပြီးနောက်တွင် ခံစားရလေ့ရှိပါတယ်။ မိန်းမဟော်မုန်းပမာဏကျဆင်းလာလေလေ ရောဂါလက္ခဏာတွေလည်း ပိုဆိုးလာလေလေဖြစ်ပါတယ်။
ထိုကဲ့သို့သော မိန်းမကိုယ်ကျုံ့ခြင်းကြောင့် အမျိုးသားနှင့်အတူနေစဉ်နာကျင်ခြင်း၊ ဆီးသွားခြင်းနဲ့ ဆိုင်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့
- ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ကျဉ်းခြင်း
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ချောင်းဆိုးခြင်း၊ နှာစေးခြင်းနဲ့ ကြို့ထိုးခြင်းတို့ဖြစ်ပါက ဆီးထွက်ကျခြင်း တို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့ -
- မိန်းမကိုယ်ခြောက်သွေ့ခြင်း
- ပူစပ်ပူလောင်ဖြစ်ခြင်း
- ယားယံခြင်း
- အဖြူဆင်းခြင်း
- အမျိုးသားနှင့်အတူနေစဉ်နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးသွားစဉ်နာကျင်ခြင်း
- မကြာခဏဆီးသွားရခြင်း
ပြန်လည်ကောင်းမွန်စေနိုင်သော ကုထုံးများ
ပထမအဆင့်အနေနဲ့ မိန်းမကိုယ်အစိုဓာတ်ကို ထိန်းပေးတဲ့ပစ္စည်းတွေ (သို့) ရေဓာတ်ကို အခြေခံတဲ့ ချောဆီတွေပဲဖြစ်ပါတယ်။ မိန်းမကိုယ်အစိုဓာတ်ထိန်းသိမ်းပေးတဲ့ပစ္စည်းတွေဟာ မိန်းမကိုယ်အတွင်း သဘာဝအစိုဓာတ်ကိုဖြစ်စေကာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တာကြောင့် ၎င်းအလှဆီတွေကို နေ့စဉ်နေ့တိုင်း မကြာခဏ လိမ်းပေးသင့်ပါတယ်။ ရေဓာတ်ကိုအခြေခံတဲ့ချောဆီတွေဟာ အမျိ်ုးသားနှင့်အတူနေစဉ် နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။
သတိပြုရမှာကတော့ ဂလစ်စရင်း (Glycerin) မပါဝင်တဲ့ အမျိုးအစားကိုရွေးချယ်ဝယ်ယူဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ မိန်းမကိုယ်မှာပေါက်ပြဲနေတာတွေရှိပါက ဂလစ်စရင်းက ယားယံခြင်းနဲ့ နာကျင်ခြင်းတွေကို ဖြစ်စေနိုင်လို့ပါပဲ။ အကယ်၍ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကိုအသုံးပြုပါက ပက်ထရိုလီယမ်ကိုအခြေခံထားတဲ့ ချောဆီမျိုးကိုမရွေးချယ်သင့်ပါဘူး။ ပက်ထရိုလီယမ်ဟာ ကွန်ဒုံးကိုပြုလုပ်ထာတဲ့ Latex ကိုလျော့ရဲစေနိုင်တာကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်လို့ပဲဖြစ်ပါတယ်။
အကယ်၍ ဒီကုထုံးတွေနဲ့ရောဂါလက္ခဏာတွေကို မသက်သာစေဘူးဆိုပါက အခြားကုသမှုတွေ (ဥပမာ- မိန်းမကိုယ်ကို မိန်းမဟော်မုန်းခရင်မ် တိုက်ရိုက်သုတ်လိမ်းခြင်း၊ မိန်းမဟော်မုန်းအစားထိုးခြင်း၊ ရော်ဘာကဲ့သို့ကွေးနိုင်ဆန့်နိုင်တဲ့ မိန်းမဟော်မုန်းကွင်းကို မိန်းမကိုယ်အပေါ်ပိုင်း သို့ ထည့်ထားခြင်း) ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
မိန်းမဟော်မုန်းအစားထိုးခြင်း၏ ဘေးထွက်ဆိုးကျိုးများ
မိန်းမကိုယ်သေးကျုံ့ခြင်းအတွက် ယခုလတ်တလောတွင် အကောင်းဆုံးကုထုံးမှာ မိန်းမဟော်မုန်း အစားထိုးခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိ်ုးသမီးတိုင်းအတွက် ဒီကုထုံးကမသင့်တော်ပေ။
မိန်းမဟော်မုန်းမြင့်တက်ပါက ရေရှည်မှာဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အချို့ဆရာဝန်တွေကတော့ ၎င်းဟော်မုန်းဆေးကို သောက်သုံးရန် အားမပေးပါဘူး။ ဖြစ်နိုင်ချေများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ -
- ရင်သားနှင့် သားအိမ်ကင်ဆာဖြစ်နိုင်ချေများခြင်း
- နှလုံးတိုက်ခိုက်ခံရခြင်း
- သွေးခဲဖြစ်ပေါ်ခြင်း
- လေဖြတ်ခြင်း တို့ဖြစ်ပါတယ်။
အထက်ပါပြဿနာတွေဖြစ်နိုင်ချေများတဲ့သူတွေအတွက်ကတော့ ဟော်မုန်းမပါတဲ့ကုထုံးတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ သို့ပေမယ့်လည်း အကယ်၍ ဟော်မုန်းကုထုံးကိုအသုံးပြုလိုပါက ပမာဏအနည်းဆုံးကိုသာ ရွေးချယ်ပါ။
ယခင်ကတည်းက ကင်ဆာရောဂါရှိနေပါက ကင်ဆာအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီးမှသာသောက်သုံးသင့်ပါတယ်။
ကာကွယ်ခြင်း
မိန်းမကိုယ်ကျုံ့ခြင်းကို လုံးဝဥဿုံမကာကွယ်နိုင်ပေမယ့်လည်း ဖြစ်နိုင်ချေကိုတော့ လျှော့ချနိုင်ပါတယ်။ အမျိုးသားနဲ့ ပုံမှန်အတူနေခြင်းက မိန်းမကိုယ်သို့သွေးစီးဆင်းခြင်းကို ကောင်းမွန်စေတာကြောင့် မိန်းမကိုယ်တစ်သျှူးတွေကို ကျန်းမာစေနိုင်ပါတယ်။
ဆေးလိပ်သောက်သုံးခြင်းဟာ သွေးလည်ပတ်မှုကို နှေးကွေးစေနိုင်ပြီး ဆေးလိပ်ဖြတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ ထို့ပြင် ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သဘာဝမိန်းမဟော်မုန်းထုတ်လုပ်မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဘာအကြောင်းကြောင့်ပဲ မိန်းမဟော်မုန်းပမာဏနည်းနည်း မိန်းမအင်္ဂါအစိတ်အပိုင်းတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေခံစားနေရပါက ဆရာဝန်နှင့်ပြသ၍ ကုသမှုကိုခံယူသင့်ပါတယ်။
Dr.Thinzar Wynn






























