မိန်းမကိုယ် ယားယံသော အကြောင်းရင်းများ
အမျိုးသမီးများအတွက် မိန်းမကိုယ် ယားယံခြင်းဟာ အလွန်ကသိကအောက်ဖြစ်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူကြားသူကြားထဲ ရောက်နေရင်လည်း ယားယံခြင်းကြောင့် စိတ်ရှုပ်စရာပါပဲ။ မိန်းမကိုယ် ယားစေတဲ့ အကြောင်းရင်းတွေကတော့ မှိုစွဲခြင်းတစ်ခုကြောင့်တည်းသာမဟုတ်ဘဲ အခြားသောအကြောင်းတွေလည်း ရှိတတ်ပါတယ်။
(၁) ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် မိန်းမကိုယ် ရောင်ရမ်းခြင်း
● မိန်းမကိုယ်မှာရှိတဲ့ pH မမျှတခြင်းကနေ ဘက်တီးရီးယားများ အများအပြား ပေါက်ဖွားလာခြင်းကြောင့် ယားယံခြင်းကို ဖြစ်စေတတ်ပါတယ်။
● ယားယံခြင်းအပြင် မိန်းမကိုယ် အနံ့အသက်ဆိုးခြင်း၊ အရည်ဆင်းခြင်းတို့လည်း ကြုံတွေ့ရနိုင်ပါတယ်။
(၂) နှင်းခူ
● နှင်းခူနှင့် စိုရီယေးဆစ်အရေပြားရောဂါများကြောင့်လည်း မိန်းမကိုယ်နှုတ်ခမ်းသားများ မိန်းမကိုယ်နှင့် ပေါင်ခြံတစ်ဝိုက် ယားယံတတ်ပါတယ်။
(၃) မှိုပိုးဝင်ခြင်း
● Candida ဆိုတဲ့ မှိုပိုးဝင်ခြင်းကြောင့်လည်း မိန်းမကိုယ်ယားခြင်း၊ ချိစ်ကဲ့သို့ အဖြူပျစ်ပျစ်များဆင်းခြင်း၊ မိန်းမကိုယ်နှုတ်ခမ်းသားတစ်ဝိုက် နီရဲခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
(၄) လိင်ကတစ်ဆင့် ကူးစက်သောရောဂါများ
● မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားရင် ပူခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ အနံ့အသက်မကောင်းသော အရည်များဆင်းခြင်း၊ မိန်းမကိုယ်တစ်ဝိုက် အနာများပေါက်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
(၅) ဆီးခုံမွေးတွင် သန်းစွဲခြင်း
● ဆီးခုံမွေးပေါ်တွင် သန်းစွဲခြင်းကြောင့် သန်းကိုက်ခြင်းနှင့် သန်းဥများကနေတစ်ဆင့် ယားယံစေပါတယ်။
(၆) ဟော်မုန်းအပြောင်းအလဲများနှင့် သွေးဆုံးခါနီးအချိန်
● ရာသီလာနေစဉ်မှာ ဟော်မုန်းအပြောင်းအလဲများ ဖြစ်ပေါ်ခြင်းကြောင့် မိန်းမကိုယ်ရှိ တစ်သျှူးများ ခြောက်သွေ့နေတတ်သဖြင့် ယားယံတတ်ပါတယ်။
● သွေးဆုံးခါနီးတွင်လည်း မိန်းမကိုယ်ခြောက်သွေ့နေခြင်းကြောင့် ယားယံတတ်ပါတယ်။
(၇) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
● ဆီးလမ်းကြောင်းတစ်လျှောက်တွင် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် တင်ပါးဆုံ နာကျင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးပူခြင်း၊ ဆီးကျဉ်ခြင်းတို့အပြင် မိန်းမကိုယ်ယားယံခြင်းပါ ဖြစ်စေတတ်ပါတယ်။
(၈) ဆီးခုံအမွေးရိတ်ခြင်း
● ဆီးခုံအမွေးကို waxing လုပ်ခြင်း သို့မဟုတ် ရိတ်ခြင်းကြောင့် အရေပြားပူခြင်း၊ ယားခြင်းကို ဖြစ်စေတတ်ပါတယ်။





























