မိဘတွေအတွက် စိတ်ဖိစီးမှု လျှော့ချရန် နည်းလမ်း 7 သွယ်
လူတိုင်း လူတိုင်းဟာ နေ့စဉ်ဘ၀မှာ များပြားလှတဲ့ အလုပ်တာ၀န်၊ အိမ်ထောင့်တာ၀န်တွေနဲ့ စိတ်ဖိစီးမှုတွေ များနေတတ်ကြပါတယ်။
ကလေးငယ်တွေရဲ့ ဂျီကျတာတွေ၊ ဆယ်ကျော်သက် သားသမီးတွေရဲ့ စိတ်အပြောင်းအလဲ ဖြစ်တာတွေဟာ မိဘတွေရဲ့စိုးရိမ်ပူပန်မှုကို မြင့်တက်စေတာ အမှန်ပါပဲ။
စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲဆိုတာ လေ့လာသင်ယူခြင်းဖြင့် စိတ်ရှည်မှု၊ စိတ်ခွန်အားနဲ့ တွေးခေါ်နိုင်စွမ်းတွေ တိုးပွားစေနိုင်ပါတယ်။ ထို့ပြင် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်၍ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
အောက်ပါတို့မှာ မိဘတွေအတွက် စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်း 7 ခု ဖြစ်ပါတယ်။
(1) စိတ်ဖိစီးမှုတွေကို အိမ်သို့ မသယ်ဆောင်လာပါနဲ့
ဒီလိုလုပ်ဖို့ဆိုတာ မလွယ်ကူဘူးဆိုပေမယ့် အလုပ်နဲ့ မိသားစုဘ၀ကို ခွဲခြားထားဖို့က အလွန်ပင် အရေးကြီးပါတယ်။
• အလုပ်မှမပြန်မီ စိတ်ပင်ပန်းစရာတွေကို လျှော့ချနိုင်ဖို့အတွက် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် (သို့) ချစ်သူနဲ့ ခဏလောက် စကားပြောနိုင်ဖို့ ကြိုးစားပါ။
• လုပ်ငန်းခွင်မှပြဿနာတွေကို သေတ္တာတစ်ခုထဲထည့်ပြီး အကန့်ခွဲထားတယ်လို့ ယူဆလိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အိမ်ပြန်ရောက်တဲ့အခါမှာ အားအင်တွေ ပြန်လည်ပြည့်၀နေပါလိမ့်မယ်။
• အိမ်ပြန်တဲ့လမ်းမှာ မိမိ ဘယ်လိုခံစားနေရလဲဆိုတာ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ပါ။ ကားပိတ်တဲ့ဒဏ်ကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရပါက အသက်ပြင်းပြင်းရှူပါ။ သီချင်းဖွင့်၍ နားထောင်ပါ။ အိမ်ပြန်ရောက်တဲ့အချိန်မှာ မိသားစုရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကြောင့် ကလေးငယ်တွေကို ရှာပြီး ပွေ့ဖက်နမ်းရှုံ့ပေးပါ။
(2) စိတ်ပျော်ရွှင်ချမ်းမြေ့နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေပါ
မိမိကိုပျော်ရွှင်စေမယ့် လှုပ်ရှားမှုတွေကို ကလေးတွေနဲ့ အတူတူလုပ်ဆောင်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်လွတ်လပ်ပေါ့ပါးစေတဲ့အပြင် ကလေးတွေနဲ့ ဆက်ဆံရေးလည်း ပိုမိုတိုးတက် ကောင်းမွန်လာစေပါတယ်။
• အားကစားပြုလုပ်တာကို နှစ်သက်ပါက ကလေးတွေအသင်းရဲ့နည်းပြ ဒါမှမဟုတ် အားပေးသူ တစ်ယောက်အနေနဲ့ လုပ်ပေးပါ။ (ဒါပေမဲ့ အရာအားလုံး အနိုင်အရှုံး ဆုံးဖြတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။)
• စာဖတ်ခြင်းကို ဝါသနာပါ,ပါက ကလေးတွေနဲ့အတူ စာအုပ်တစ်အုပ်ကို အတူတူဖတ်၍ စာအုပ်ထဲက အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးပါ။ ဒါဟာ ကလေးတွေနဲ့ နီးကပ်စေတဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
မိမိရဲ့နေ့ရက်တိုင်းကို အောင်မြင်ဖို့ နောက်နည်းလမ်းတစ်ခုကတော့ ရယ်မောပြုံးရွှင်နေတဲ့သူတွေကို ရှာဖွေပြီး သူတို့ဆီက အပျော်တွေကို ကူးစက်ရယူခြင်းပဲ ဖြစ်ပါတယ်။
(3) အနားယူ အပန်းဖြေဖို့ အမြဲသတိရပါ
နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုအတွက် အချိန်ပေးပါ။
ကလေးတွေ အိပ်ရာ၀င်ပြီး တစ်နာရီလောက်ဖြစ်ဖြစ် မိမိဝါသနာပါရာ လုပ်ဖို့အတွက် အချိန်ယူပါ။ ဥပမာ - ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အားကစား ပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် စိတ်ဖိစီးမှု လျှော့ပါးအောင် ပြုလုပ်နိုင်ပါတယ်။
ကလေးတွေကို အချိန်မှန်မှန် သိပ်သလို မိမိကိုယ်တိုင်လည်း အိပ်ရေး၀အောင် အိပ်စက်ဖို့ လိုအပ်ပါတယ်။
(4) လိုအပ်ချိန်တိုင်း အကူအညီတောင်းပါ
အလုပ်တွေပိလို့ စိတ်ရှုပ်ထွေးလာတဲ့ အချိန်မျိုးမှာ မိသားစု (သို့) ခင်ပွန်း/ဇနီးကို အကူအညီတောင်းခံဖို့ မစိုးရွံ့ပါနှင့်။ အလုပ်တွေအားလုံးကို မိမိတစ်ယောက်တည်း သိမ်းကြုံးလုပ်တာဟာ စိတ်ဖိစီးမှုတွေ များလာဖို့ အစပျိုးခြင်းနိဒါန်းပဲ ဖြစ်ပါတယ်။
ကလေးတွေနဲ့အတူ အလုပ်တွေကို မျှေ၀လုပ်ဆောင်ခြင်းဖြင့် ကလေးတွေကို အော်ဟစ်ဆူပူတာမျိုးတွေ မလုပ်ဖြစ်တော့ဘဲ သူတို့အတွက် စံပြဖြစ်အောင် ကြိုးစားနိုင်မယ့် အခွင့်အလမ်းတွေ ရှိလာစေပါတယ်။ ထို့ပြင် ဆုံးဖြတ်ချက် ပိုမိုခိုင်မာခြင်း၊ နားထောင်ကောင်းသူတစ်ယောက် ဖြစ်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားရနိုင်ပါတယ်။
မိမိကိုယ်ကို အလွန်အမင်း ဒါမှမဟုတ် အဆက်မပြတ် စိုးရိမ်စိတ်တွေ ခံစားနေရပြီဟု ထင်ပါက ဆရာ၀န်နှင့် သွားရောက်ဆွေးနွေးသင့်ပါတယ်။
(5) အိမ်ထောင်ရှင်အချင်းချင်း အတွေ့အကြုံတွေကို ေ၀မျှပါ
မိမိတစ်ယောက်တည်းဆိုတာ မဟုတ်ဘူးဆိုတာ သိစေဖို့ မိမိကလေးနဲ့ သက်တူရွယ်တူ ကလေးတွေရှိတဲ့ မိသားစုတွေနဲ့ မိတ်ဆွေဖွဲ့ပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပြီး တခြားမိဘတွေနဲ့ အတွေ့အကြုံတွေ ဖလှယ်ခြင်းဖြင့် မိဘတိုင်းဟာ တူညီတဲ့အခက်အခဲတွေကို ကြုံတွေ့ရကြောင်း နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။
(6) နေ့စဉ်လူမှုဘ၀ကို ခဏတာ မေ့ပစ်လိုက်ပါ
မိမိအိမ်ထောင်ဘက်နဲ့ အတူတူ ပြုလုပ်ရမယ့်အရာတွေအတွက် အချိန်ပေးပါ။ တစ်လမှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် နှစ်ယောက်တည်း ညစာထွက်စားတာမျိုးဟာ အိမ်ထောင်ရေးကို ပိုမိုခိုင်မြဲစေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။
ကလေးတွေ ကျောင်းပိတ်ရက်ရတဲ့အခါမျိုးမှာ မိသားစုအတူတူ ခရီးထွက်ဖို့စီစဉ်၍ အချိန်တိုင်းကို မိသားစုနဲ့ ကုန်လွန်ဖို့ ကြိုးစားပါ။
(7) မိမိရဲ့နေ့စဉ်ဘ၀ကို သမမျှတအောင် နေထိုင်ပါ
ရုံးပိတ်ရက်တွေအပါအ၀င် နေ့စဉ်နေ့တိုင်း စိတ်ရှုပ်ထွေး နောက်ကျိနေတာမျိုးကို ရှောင်ကြဉ်ပါ။ ကလေးတွေကိုလည်း ၀န်ပိစေတဲ့အရာမျိုးကို အများကြီး မခိုင်းမိစေဖို့ သတိပြုသင့်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ ဘ၀ဆိုတဲ့နေရာမှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် အပါအ၀င်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ အားကစားလုပ်တာဖြစ်ဖြစ် စိတ်ဖိစီးမှုကို သက်သာစေတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက်ဆို အားကစားခန်းမ သွားစရာမလိုဘဲ တစ်နေ့လျှင် နည်းနည်းစီ အိမ်မှာပဲ လုပ်နိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို ကျော်လွှားဖို့ အကောင်းဆုံး အကြောင်းပြချက်ကတော့ အလွန်ပင် ရိုးရှင်းလှပါတယ်။ အဲဒါကတော့ မိဘဖြစ်ရတာကို ဂုဏ်ယူကျေနပ်နေတဲ့ စိတ်တစ်ခုပဲ လိုပါတယ်။
ကလေးတွေနဲ့ ပျော်ရွှင်ကြည်နူးဖွယ်အချိန်တွေ ပိုမိုကုန်ဆုံးခွင့် ရလာတာနဲ့အမျှ အိပ်ရာထဲ ရှူးပေါက်ချတဲ့ကိစ္စတွေ၊ ကလေးငယ် အချင်းချင်း ရန်ဖြစ်တဲ့ကိစ္စတွေနဲ့ မိဘတိုင်း ကြုံတွေ့ရနိုင်တဲ့ အခြားကိစ္စအ၀၀တွေဟာ မပြောပလောက်တဲ့အရာတွေ ဖြစ်သွားနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























