မိမိရင်သားကို အမြဲစစ်ဆေးပါ
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ရင်သားကို အမြဲစစ်ဆေးစမ်းသပ်ဖို့လိုသလို ဘယ်ဟာက ပုံမှန် ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြရမယ်ဆိုတာကို သိထားဖို့ လိုပါတယ်။
>> နို့သီးခေါင်း ပတ်လည်၊ ဒါမှမဟုတ် သူ့အပေါ်မှာ အမွှေးပေါက်တာ
ဒါက ပုံမှန်ပါပဲ။ တခြားနေရာက အရေပြားတွေလိုပဲ သူ့မှာလည်း မွှေးညှင်းအိတ်လေးတွေ ရှိတာမို့ပါ။ နှုတ်တာ၊ ရိတ်တာ လုပ်တာက ပိုးဝင်နိုင်တာမို့ မကြိုက်ရင် ကပ်ကြေးအသေးလေးနဲ့ပဲ ညှပ်ပေးပါ။
>> နို့သီးခေါင်း ချိုင့်ဝင်နေတာ (နို့ပါးစပ်)
အမျိုးသမီးတွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းလောက်မှာ ရှိတတ်ပါတယ်။ ပုံမှန်ပါပဲ။ နို့တိုက်တဲ့အခါတော့ အခက်ကြုံရနိုင်ပါတယ်။
>> နို့သီးခေါင်းကနေ အရည်ထွက်တာ
သွေးမဆုံးသေးတဲ့မိန်းမ ၄၀ ရာခိုင်နှုန်းလောက်က ညှစ်ရင် အရည်ထွက်တတ်ပါတယ်။ ကလေးမွေးဖူးတဲ့ မိန်းမ ၅၅ ရာခိုင်နှုန်း၊ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကလေးနို့တိုက်ဖူးတဲ့ မိန်းမတွေရဲ့ ၇၅ ရာခိုင်နှုန်းမှာလည်း ဖြစ်တတ်ပါတယ်။ တစ်နေရာထဲက မဟုတ်ဘဲ နို့ပြွန်အများကြီးက ထွက်မယ်၊ အဖြူ၊ အရောင်ဖျော့ဖျော့ စတဲ့ အရောင်တွေ ဖြစ်မယ်။ ညှစ်မှ ထွက်တယ်။ ဒါက ပုံမှန်ပါပဲ။
ပုံမှန်မဟုတ်တာကကျတော့ မညှစ်ဘဲနဲ့ ထွက်နေမယ်။ ပြွန်တစ်ခုကပဲ ထွက်တယ်၊ သွေးရောင် ဒါမှမဟုတ် အရောင်ညစ်ညစ်တွေ ထွက်ရင် ဆရာဝန်နဲ့ ပြဖို့လိုပါမယ်။ သောက်ဆေးတချို့ကြောင့်၊ လည်ပင်းကြီးရောဂါနဲ့ တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
>> နို့သီးခေါင်းမှာ အလုံး၊ အသီးလေးတွေ ထတာ
အဲဒီနားတစ်ဝိုက်မှာ အရည်ထွက်တဲ့ အကျိတ်လေးတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။
>> နို့သီးခေါင်းနဲ့ သူ့ပတ်လည်က အရောင်နဲ့ ပုံစံ
တစ်ယောက်နဲ့ တစ်ယောက် မတူညီတတ်ကြပါဘူး။ ကိုယ်ဝန်ဆောင်၊ နို့တိုက်နေရင်လည်း အရမ်းညိုမဲပီး ကြီးလာတတ်ပါတယ်။ ပြီးရင် ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားတတ်ပါတယ်။
>> ရင်သား အရေပြား ပြောင်းလဲတာနဲ့ အကြောပြတ်အရာတွေ
အဲဒီနေရာက အရေပြားဟာ တစ်ခြားနေရာတွေကလိုပဲ အရေပြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ယားတာမျိုး၊ ညှင်းပေါက်တာမျိုးပေါ့။ ဓာတ်မတည့်လို့ အယားကွက် အနီဖု ပေါ်တာမျိုးတွေ။ အကြောပြတ်ရာဆိုတာကလည်း ပုံမှန်ပါပဲ။ အနီရောင် ဒါမှမဟုတ် အဖြူရောင် အစင်းကြောင်းတွေ ကိုယ်ဝန်ဆောင်၊ နို့တိုက်တဲ့အချိန်မှာ ပေါ်လာတတ်ပါတယ်။ အချိန်ကြာရင် ပြန်မှိန်သွားပါတယ်။
အနာတွေ၊ ဖောပြီး ရောင်ရမ်းတာမျိုးတွေ၊ နီပြီးတော့ အရေပြား ချိုင့်တာ၊ လိမ္မော်သီးခွံ့လိုမျိုး ဖြစ်တာတွေက ပုံမှန်မဟုတ်ပါဘူး။ အလုံးအကျိတ် ရှိ၊ မရှိလည်း စမ်းသပ်ရပါမယ်။ ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။
>> ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံ
ရင်သား ကြီးတာ၊ သေးတာဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ မျိုးရိုးပေါ် မူတည်ပါတယ်။ ဘယ်လို လိမ်းဆေး၊ လေ့ကျင့်ခန်းမျိုးကမှ ရင်သားကို ကြီးလာအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဝတာ၊ ပိန်တာ၊ ကိုယ်ဝန်ဆောင်တာမျိုးပေါ် မူတည်ပြီး နည်းနည်းတော့ ပြောင်းနိုင်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် မညီတာလည်း ပုံမှန်ပါပဲ။
Dr. Htar (www.drmyanmar.com)






























