/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မိမိရဲ့ရာသီစက်ဝန်း-ပုံမှန်ဟုတ်ရဲ့လား

မိမိရဲ့ရာသီစက်ဝန်း ပုံမှန်ဟုတ်ရဲ့လား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ပုံမှန်ရာသီစက်ဝန်းဆိုတာ အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ အကြောင်းအချင်းအရာ အတော်များများကြောင့် ရာသီစက်ဝန်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်လလောက် ဓမ္မတာမလာတော့ဘူးဆိုရင်တော့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

>>  ပုံမှန်ရာသီစက်ဝန်းဆိုတာ ဘာလဲ?
ဒီတစ်လ ပထမဆုံး ရာသီစလာတဲ့နေ့ကနေ နောက်တစ်လ ရာသီပြန်စလာတဲ့နေ့ကို ရာသီစက်ဝန်း တစ်စက်ဝန်းလို့ ခေါ်ပါတယ်။ ပျမ်းမျှအနေနဲ့ ၂၅-၃၀ ရက်လောက်ထိ ရှိတတ်ပေမယ့် ၂၁ ရက်လောက်လည်း ဖြစ်နိုင်သလို ၃၅ ရက်လောက်လည်း ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတတ်သလို တစ်ယောက်တည်းမှာတောင်မှ တစ်လနဲ့တစ်လ မတူတာလည်း ဖြစ်နိုင်ပါတယ်။ ရာသီလာပြီဆိုရင်တော့ ၂ ရက်ကနေ ၇ ရက်လောက်ထိ လာနိုင်ပါတယ်။
ပုံမှန်အမျိုးသမီးတစ်ယောက်ဟာ တစ်လရာသီလာရင် စားပွဲတင်ဇွန်း ၁ ဇွန်းကနေ ၆ ဇွန်းလောက်အထိ ရာသီသွေး ဆုံးရှုံးတတ်ပါတယ်။ အရည်ကျဲကျဲ ဒါမှမဟုတ် အဖတ်အဖတ်တွေ ဖြစ်နိုင်သလို အရောင်ကလည်း အနီရင့်ရင့်ကနေ အညိုရောင်၊ ပန်းရောင်စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမဆုံး အပျိုဖော်ဝင်ရာသီစလာခါစမှာ ရက်ပိုင်းလောက်ပဲ လာတာ၊ အရမ်းနည်းတာမျိုး ဖြစ်တတ်ပါတယ်။ တစ်နာရီခြားတစ်ခါလောက် ဂွမ်းထုပ်တို့၊ တန်ပွန်တို့ လဲနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါပြီ။
တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်း မတူတဲ့အတွက် ဓမ္မတာစက်ဝန်းချင်းလည်း မတူညီတတ်ပါဘူး။ တစ်ယောက်တည်းမှာတောင် တစ်လနဲ့တစ်လ မတူတတ်ပြန်ပါဘူး။ တချို့တားဆေးတွေနဲ့ ကျန်းမာရေး အခြေအနေတွေကလည်း ဓမ္မတာစက်ဝန်းအပေါ် အကျိုးသက်ရောက်မှု ရှိနေပြန်ပါတယ်။

>>  တစ်လရာသီမလာခဲ့ရင် ...
ရာသီမလာတာဟာ ကိုယ်ဝန်ရှိခြင်းရဲ့ ပထမဆုံးလက္ခဏာတစ်ရပ်ပါ။ ဒါပေမဲ့ ရာသီမလာတိုင်းလည်း ကိုယ်ဝန်ရှိတယ်လို့ မယူဆနိုင်ပါဘူး။ တစ်ခါတလေ ဘာအကြောင်းရင်း ရေရေရာရာမှမရှိဘဲ ရာသီမလာတာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် ဓမ္မတာလာခါစ လပိုင်းလောက်မှာပေါ့။
နောက်ထပ် ဓမ္မတာကို ထိခိုက်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -
●  သန္ဓေတားဆေးများသုံးခြင်း
●  အရေးပေါ်တားဆေးသောက်ခြင်း
●  ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း
●  ဖျားနာခြင်း
●  တချို့ဆေးများသောက်နေခြင်း
●  လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း
●  အစာမစားခြင်း
●  စိတ်ဖိစီးမှုများခြင်း
●  ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း၊ ကျခြင်း
●  အဆီနည်းခြင်း
●  သွေးဆုံးခြင်း စတာတွေပါပဲ။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိပြီးနောက် ရာသီမလာခဲ့ရင်တော့ ကိုယ်ဝန်စစ်ကြည့်ပါ။ ရာသီမလာရုံနဲ့ ကိုယ်ဝန်ရှိနေကြောင်း မပြောနိုင်တာမို့ ဆီးစစ်ကြည့်ဖို့ လိုပါတယ်။
ဟော်မုန်းတားဆေးတွေကလည်း ဓမ္မတာအပြောင်းအလဲ ဖြစ်စေနိုင်ပြီး လုံးဝရပ်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တားဆေးကို သေသေချာချာ သုံးနေတယ်ဆိုရင် ရာသီမလာရုံနဲ့တော့ ကိုယ်ဝန်ရှိဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ သေချာအောင်တော့ ကိုယ်ဝန် စစ်ကြည့်ပါ။

Dolfenal 1

>>  ဓမ္မတာမမှန်ခဲ့ရင် ...
ဓမ္မတာမမှန်တာဟာ တစ်ချိန်ချိန်တော့ လူတိုင်းမလွဲမသွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရာသီ စလာခါစမှာပေါ့။
ဓမ္မတာမမှန်ဘူးဆိုတာ -
●  ရာသီမလာတာ
●  ရာသီစောတာ၊ နောက်ကျတာ
●  ရာသီမလာခင် လက္ခဏာတွေမတူတာ
●  ပုံမှန်ထက် သွေးအဆင်း နည်းတာ၊ များတာ
●  ပုံမှန်ထက် သွေးဆင်းတဲ့ရက် ကြာတာ
●  တစ်လနဲ့တစ်လ ရာသီလာတဲ့အချိန်မတူတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ကိုယ့်ရဲ့ဓမ္မတာစက်ဝန်းနဲ့ လက္ခဏာတွေကို ပြက္ခဒိန် ဒါမှမဟုတ် ဖုန်းမှာ မှတ်ထားခြင်းအားဖြင့် တစ်ခုခု ပြောင်းလဲတာနဲ့ သိနိုင်တာပေါ့။
တချို့တွေမှာတော့ ဓမ္မတာ မမှန်တတ်ကြပါဘူး။ သဘာဝဖြစ်နိုင်သလို ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ ဓမ္မတာမမှန်တာ၊ ပုံမမှန်တာတစ်ခုခုဖြစ်ခဲ့ရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဓမ္မတာ ပုံမှန်ပြန်ဖြစ်အောင် ဟော်မုန်းဆေးပေးတာလိုမျိုး ကုသမှုတွေ ပေးပါလိမ့်မယ်။

Dolfenal 2

>>  ဘယ်တော့ ဆရာဝန်နဲ့ပြဖို့ လိုမလဲ?
●  အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ရာသီမလာခဲ့ရင်
●  တစ်နာရီတစ်ခါလောက်ကို ဂွမ်းထုပ ်လဲနေရရင်
●  ပုံမှန်ထက် ဒါမှမဟုတ် ၇ ရက်ထက် ပိုကြာခဲ့ရင်
●  ခေါင်းမူးတာ၊ ရင်တုန်တာမျိုးဖြစ်ခဲ့ရင်
●  အသက် ၁၆ နှစ်ရှိပြီး ဓမ္မတာမလာသေးရင်
●  ရာသီမလာခင်နဲ့ လာနေစဉ် အရမ်းနာကျင်ရရင်
●  ရာသီမလာခင်စပ်ကြား သွေးတွေဆင်းနေရင်
●  တန်ပွန်သုံးနေစဉ် ရုတ်တရက် ဖျားနာလာရင်
●   ဓမ္မတာကြောင့် ပုံမှန်လုပ်ကိုင်နေကျအလုပ်တွေ ထိခိုက်လာရင်
●  ရာသီစက်ဝန်း ၂၁ ရက်ထက်တို၊ ဒါမှမဟုတ် ၃၅ ရက်ထက် ပိုကြာနေရင်
●  ရာသီလာစဉ်တစ်ဝိုက်မှာ စိတ်လှုပ်ရှားလွန်တာ၊ စိတ်ဓာတ်အရမ်းကျတာမျိုး ဖြစ်နေရင် ဆရာဝန်နဲ့ပြပါ။

>>  ဓမ္မတာနဲ့ပတ်သက်လို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်နေရင် ...
●  မိသားစုဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်အထူးကုနဲ့ တိုင်ပင်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)