မီးတွင်းကာလ ဖြတ်သန်းနေတဲ့မေမေတို့ မှတ်သားစရာ
ကိုယ့်ရဲ့ ဝမ်းဗိုက်ထဲမှာ ကာလရှည်ကြာနေခဲ့ပြီး ပြင်ပလောကကို စတင်ဝင်ရောက်လာတဲ့ သားသားမီးမီးလေးတွေရဲ့ မျက်နှာကြည့်ရင်း တစိမ့်စိမ့် ပီတိပွားနေရတဲ့ မေမေတို့အတွက် မီးတွင်းမှာ ဗဟုသုတရစရာလေးတွေကို သိရှိဖို့ တင်ပြပေးလိုက်ပါတယ်။
● ကလေးမွေးပြီးတဲ့အခါ ဆရာဝန်၊ ဆရာမက ဗိုက်ကိုပွတ်ပြီး အသာအယာ ဆုတ်နယ်ပေးပါလိမ့်မယ်။ မွေးပြီးခါစဆိုရင် သားအိမ်လေးက နာနေတတ်သလို ခွဲမွေးထားရင် ပိုတောင်နာသေးတယ်။ နာပေမယ့် အဲဒီလို ပွတ်သတ်ပေးတာက သားအိမ်လေးကို လုံးကျစ်သွားစေပြီး သွေးဆင်းနည်းသွားစေဖို့ပါ။
● မွေးပြီး အိမ်ပြန်ချင်တဲ့မေမေတွေ ... ရိုးရိုးမွေးရင် တစ်ရက်၊ ခွဲမွေးရင် အနည်းဆုံး သုံးရက်ခန့် မွေးခန်းမှာ၊ ဆေးရုံမှာနေပါလို့။ စောင့်ကြည့်ရင်း အန္တရာယ်လက္ခဏာတွေကို သတိထားနိုင်အောင် ဖြစ်ပါတယ်။
● ကလေးမွေးပြီးတဲ့အခါ နို့တိုက်ရတာရယ်၊ အစားပျက်တာရယ်ကြောင့် ရသင့်ရထိုက်တဲ့အာဟာရတွေ မရဘဲ အာဟာရနည်းပါးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တုန်းက သောက်ခဲ့တဲ့အားဆေးတွေ သာသာယာယာပဲ ဆက်သောက်တာက မိမိကိုယ်မိမိ ပြန်လည်အားဖြည့်တင်းခြင်းပါပဲ။
● ရိုးရိုးမွေးပြီးရင် လေးပတ်ကနေ ရှစ်ပတ်နေမှ လေ့ကျင့်ခန်းပြန်စပါ။ ကိုယ်ကာယအလှ အလေးပေးတဲ့ မော်ဒယ်မေမေတို့အတွက် ဖြစ်ပါတယ်။ ခွဲမွေးထားရင်တော့ သုံးလလောက် နားလိုက်ပါဦးနော်။
● မွေးပြီ ပြီးချင်းမှာ လိင်ဆက်ဆံလို့ မရပါဘူး။ အနည်းဆုံး ၄၅ ရက်လောက်တော့ စောင့်ပါဦး။ မီးတွွင်းမှာ မိန်းမကိုယ် စုတ်ပြဲပွန်းပဲ့ဒဏ်ရာတွေ ကျက်သွားဖို့ အချိန်ပေးပါ။ လိုအပ်ရင် ဆားရည်ထိုင်ပါ။ သွေးမဆင်းတော့ဘူး။ အနာကျက်သွားတာ သေချာပြီဆိုရင် ချစ်သူခင်ပွန်းနဲ့ အတူပြန်နေလို့ရပါပြီ။
မွေးပြီးကာစ မေမေတို့အတွက် ဗဟုသုတဖြစ်ဖွယ်လေးတွေကို မှတ်သားလို့ သာယာကျန်းမာတဲ့ မီးတွင်းကာလကို ဖြတ်သန်းကြရအောင်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























