မျိုးဥအိမ်ကင်ဆာ ခံစားခဲ့ရပေမယ့် ကလေးရဖို့ ကြိုးစားမိသူ မိန်းကလေးတစ်ဦး
ဒင်နီယယ်ဟာ အသက် 23 နှစ်အရွယ် ချောချောလှလှ မိန်းမပျိုလေးတစ်ဦး၊ လန်းဆန်းတက်ကြွပြီး ဘ၀ကို တက်တက်ကြွကြွ ရင်ဆိုင်နေတဲ့အရွယ်၊ တစ်နေ့မှာတော့ မထင်မှတ်တဲ့ လောကဓံက သူမကို တိုက်ခိုက်ခဲ့ပါတယ်။
သူမ အပျိုစဖြစ်ကတည်းက လတိုင်း ရာသီသွေးဆင်း များခဲ့ပါတယ်။ သုံးပတ်ဆက်တိုက်လောက် သွေးပေါ်နေခဲ့ပြီး ဗိုက်တင်းနေသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သာမန်လို့ ပေါ့ပေါ့ပဲ ဖြတ်ကျော်ခဲ့ပါတယ်။
တစ်ရက်မှာ သူမအမျိူးသားနဲ့ အတူအိပ်နေစဉ် အမျိုးသားက တစ်ဖက်ကို လှည့်လိုက်စဉ် သူမဝမ်းဗိုက်ကို မတော်တဆ ဖိသလို ထိမိခဲ့ပါတယ်။ သူမဟာ ရုတ်တရက် နာကျင်မှုကို ခံစားခဲ့ရပြီး နောက်တစ်ရက် အလုပ်ခွင်ထဲထိ ဆက်တိုက်နာနေခဲ့ပါတယ်။ ဒင်နီရယ် အလုပ်လုပ်တဲ့ အလှပြင်ဆိုင်ကိုလာရင်း သမီး ဗိုက်နာနေတာကို မမျှော်လင့်ဘဲ သိသွားတဲ့ မိခင်က သမီးလုပ်သူကို စိုးရိမ်တကြီး ဆရာ၀န်ပြဖို့ အတင်းအကြပ် ဖိအားပေးပါတော့တယ်။
များပြားလှစွာသော ဓာတ်မှန်တွေ အဆင့်ဆင့်ရိုက် အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ သွေးအဖြေတစ်ခုကြောင့် ဓာတ်မှန်ထပ်ရိုက်ခဲ့ရပြီး သားဥအိမ်ထဲက မည်းမည်းအရိပ်တွေကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ရတာကြောင့် သားဥအိမ်မှ အသားစယူ စစ်ဆေးဖို့ ဖြစ်လာခဲ့ပါတယ်။
မိန်းမချောလေး ဒင်နီ်ရယ်အတွက်တော့ ပြင်းထန်တဲ့ ထိုးနှက်ချက်ပါပဲ။ အသားစအဖြေအရ သူမမှာ တတိယအဆင့် မျိုးဥအိမ်ကင်ဆာ ဖြစ်နေပါပြီတဲ့။
သူမရဲ့မိသားစုမျိုးရိုးထဲမှာ ကင်ဆာရောဂါ ခံစားခဲ့ရပြီး မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတာကို အကြိမ်ကြိမ် မြင်ဖူးထားတဲ့ ဒင်နီရယ်ဟာ ဘာဆက်လုပ်မှန်း မသိလောက်အောင် စိတ်ဓာတ်ကျခဲ့ပါတယ်။
ကုထုံးအရ မျိုးဥအိမ်နဲ့ ပြွန်ကို ဖြတ်ထုတ်ဖို့အပြင် တခြားမရှိတော့ပါဘူး။ ကင်ဆာဆေးသွင်းလို့ ရနိုင်သေးတဲ့အဆင့်ကို ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ လွန်သွားခဲ့ပါပြီ။
သူမရဲ့သားအိမ်ကို ခွဲစိတ်မှုမှာ ချန်လှပ်ခဲ့ဖို့ စီစဉ်ခဲ့ကြပါတယ်။ ခွဲစိတ်မှုဟာ 6 နာရီကြာခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ သူမဟာ အခုအချိန်မှာ ကင်ဆာ လုံး၀ကင်းစင်သွားပြီလို့ ဆိုနိုင်တဲ့ အခြေအနေကို ရရှိခဲ့ပါတယ်။
သုံးလတစ်ခါ သွေးစစ်ပြီး ရက်ချိန်းအတိုင်း ပြသပြီးနောက်မှာ သူမဘဝလေး ပြန်တည်ငြိမ်ခဲ့ပါတယ်။ နောက် 2 နှစ်အကြာမှာတော့ သူမနဲ့ သူမအမျိုးသားဟာ ကလေးယူဖို့ စစီစဉ်ပါတော့တယ်။ သားအိမ်ကို ချန်လှပ်ထားခဲ့တာဟာ သူမအတွက်တော့ ကြီးကျယ်တဲ့ ကံကောင်းခြင်းပါပဲ။ တခြားတစ်ယောက်က လှူဒါန်းထားတဲ့မျိုးဥကို အသုံးချပြီး ဖန်ပြွန်သနေ္ဓသားနည်းစနစ်နဲ့ ကလေးယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
မျိုးဥ ရှာရတာလည်း စိတ်လှုပ်ရှားစရာပါပဲ။ သူမရဲ့ဆံပင်အရောင်၊ အသားအရေ၊ မျက်လုံးအရောင် စတာတွေ တူညီတဲ့ မိန်းမတစ်ယောက်ရဲ့မျိုးဥကို ရှာခဲ့ရတာ ဖြစ်ပါတယ်။ ဒါမှ မွေးလာတဲ့ကလေးဟာ ဒင်နီရယ်နဲ့ နည်းနည်းဖြစ်ဖြစ် ဆင်တူတယ်လို့ ခံစားရအောင် ဖြစ်ပါတယ်။
သူမနဲ့ အမျိုးသားဖြစ်သူဟာ လက်ရှိမှာ ဖန်ပြွန်သနေ္ဓသားကို စတင်လုပ်ဆောင်နေပါပြီ။ အဆင်ပြေ၊ မပြေ မသိပေမယ့် သူမတို့်စုံတွဲဟာ အကောင်းဆုံးကို မျှော်လင့်ထားပါတယ်။ သဘာဝအတိုင်း ကလေး မရနိုင်တော့ပေမယ့် အလျှော့မပေးဘဲ မိခင်နဲ့ဖခင် ဖြစ်လာဖို့အတွက် ဖန်ပြွန်သနေ္ဓသား လုပ်ဆောင်ချက်ကို ကြိုးပမ်းခဲ့ကြပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာရောဂါ ခံစားခဲ့ရပေမယ့် မျိုးပွားနိုင်စွမ်း ဆုံးရှုံးခဲ့ရပေမယ့် စိတ်ဓာတ်မကျသွားဘဲ ဘဝကို ပျော်ပျော်ပဲ ဆက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် ကံတရားက သူမရဲ့ မျိုးဥအိမ်ကို ကင်ဆာအသွင်နဲ့ ဖျက်ဆီး ယူဆောင်သွားခဲ့တာတောင် မိခင်တစ်ယောက်အဖြစ် ခံယူဖို့ အားမလျှော့တဲ့ မေမေ အလောင်းအလျာတစ်ယောက်ရဲ့ အားမာန်တွေကို ဒီအဖြစ်မှာ ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရပါပြီ။ သူမရဲ့ အမျိုးသားကလည်း အချစ်မပျက်ဘဲ သူမလက်ကို ခိုင်ခိုင်တွဲလို့ အကြင်နာအင်အားတွေ ပေးခဲ့တာ ဖြစ်ပါတယ်။
မကြာခဏ ဗိုက်အောင့်ခြင်း၊ အစာမကြေတာ၊ ဗိုက်တင်းတာ၊ လေပွတတ်တာတွေ ရှိခဲ့ရင် အများစုက အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလို့ အထင်မှားနိုင်ပါတယ်။ အကောင်းဆုံးကတော့ အဲဒီလို လက္ခဏာာတွေ ရှိခဲ့ရင် မျိုးဥအိမ်ကင်ဆာကိုပါ မေ့မထားဘဲ ဆရာဝန်ကို အမြန်ဆုံး ပြသတိုင်ပင်လိုက်ပါလို့ အကြံပြုပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























