/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားကင်ဆာကို-ကုသပျောက်ကင်းခဲ့သူတစ်ဦးရဲ့-အတွေ့အကြုံ

ရင်သားကင်ဆာကို ကုသပျောက်ကင်းခဲ့သူတစ်ဦးရဲ့ အတွေ့အကြုံ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        လွန်ခဲ့တဲ့ရှစ်နှစ်ခန့်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခုကို မျှဝေလိုက်ပါတယ်။ ရင်သားကင်ဆာ ခံစားခဲ့ရသူတစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်ပါတယ်။

          " သူငယ်ချင်း နင် ... ဒီလိုနေလို့ မရဘူး ... ရင်ဘတ်အကျိတ်ဆိုတာ ကြောက်ရတယ် ... ညည်းဆရာဝန်နဲ့ ပြကြည့်ဦး "

          ဒေါ်လေးမေကတော့ ဘယ်သူ ဘာပြောပြော တွေတွေငေးငေး။ သူငယ်ချင်းတစ်ယောက်က သွေးတိုးရောဂါရှင်။ နောက်တစ်ယောက်က အသည်းရောဂါသမား။ သူမကတော့ ကျန်းမာနေတယ်လေ။ တစ်လောက ယောင်ယောင်လေး စမ်းလိုက်မိတဲ့ ရင်သားထဲက အကျိတ်လေးတစ်ခုက လွဲလို့ပေါ့။

          သူမ နံပါတ်ကို နှိပ်ပြီး ဖုန်းခေါ်လိုက်ပါတယ်။

          " အေး ... နင့် သမီးကြီးရှိလား ... ဖုန်းပေးလိုက်ပါဦး ... ငါမေးစရာလေးရှိလို့ "

          သူငယ်ချင်းရဲ့သမီးက ဆရာဝန်မလေး။ ဆိုင်ကယ်လေးနဲ့ အိမ်ရောက်လာပြီး သူမရင်သားကို စမ်းသပ်ပါတယ်။ အကျိတ်ကို ကင်ဆာသံသယ ရှိပါသတဲ့၊ ဒေါ်လေးမေကတော့ ရိုးရိုးအဆီကျိတ်ပဲ ထင်သည်။ ဘာတွေ ဇာတ်ရှုပ်ဦးမှာပါလိမ့်။ စုငွေလေးကို ထပ်ခါထပ်ခါ ရေတွက်သည်။ တောင်ကြီးက ညီမ လုပ်သူကို လှမ်းပြောလိုက်တယ်။ ငွေလိုရင် ခဏလှည့်လို့ရအောင်။ နောက်ဆုံး  ခွဲစိတ်ဆရာဝန်နဲ့ ပြသဖို့ ရက်ချိန်း ယူလိုက်တယ်။

          ဆေးရုံတက်မှ သွေးစစ်ရင်း ဆီးချို ထပ်တွေ့သည်။ ဘူးလေးရာ ဖရုံဆင့်သလိုပါပဲ။ ဆီးချိုကို သမားတော်နဲ့ ခေါ်ပြသည်။ ခွဲဖို့ရက် ကြာဦးမယ် ထင်ပါရဲ့။ အလုပ်သင် ဆရာဝန်မလေးက မကြာခဏ လာကြည့်သည်။ ခွဲပြီးရင်  ပြီးသွားလောက်ပါရဲ့။

          ရင်သားတစ်ဖက်ကို ခွဲစိတ် ဖြတ်ထုတ်လိုက်ရသည်။ ချိုင်းကြားက အကျိတ်တွေ့လို့် ခွဲဖယ်ထုတ်လိုက်သေးသည်။ ဆရာဝန်ကြီးက ဖြူဖြူပုပု မျက်မှန်နှင့်။ ရန်ကုန်သား။ သဘောကောင်းပါဘိသနဲ့။

          ခွဲစိတ်ပြီး နှစ်ရက်နေတော့ ဗိုက်တွေ အောင့်လာသည်။ ရင်ညွန့်က ပူပူကြီး။  ဘာကြောင့်မှန်းမသိ။ ကင်ဆာတောင် ဖြစ်နေမှပဲ။ ဒါလောက်က ဘာဟုတ်သေးလဲ။ ပေတေကာ ကျိတ်မှိတ်ခံစားသည်။  သူငယ်ချင်းသမီး အလုပ်သင် ဆရာဝန်မလေး ရောက်လာပြီး အနာသက်သာဆေးတစ်ခု ဖြုတ်လိုက်မှ အဆင်ပြေသွားသည်။ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ် ထိသတဲ့လေ။

          ထုတ်လိုက်တဲ့ ရင်သားအသားအဖြေက တိတိကျကျ ကင်ဆာပါပဲ၊ မကောင်းဘူးတဲ့။ သူငယ်ချင်းသမီးက မျက်နှာမကောင်း။  မြင်သော်လည်း မမြင်ချင် ယောင်ဆောင်ရသည်။ သူမကိုယ် သူမ သေလူအဖြစ် သတ်မှတ်ပြီးသားဆိုတာ သူတို်မှ မသိတာလေ။ မျက်စိမှိတ်လိုက်ကာ တရားမှတ်နေသည်။ ရင်ထဲတွင် တလှပ်လှပ်၊ တည်ငြိမ်လွန်းသော မိခင်ကိုကြည့်ရင်း  သမီးက  စာရွက်လေးကို ဖိုင်ထဲပြန်ညှပ်ထားလိုက်သည်။ ဆရာဝန်မလေးက မျက်နှာမသာမယာနှင့် ပြန်သွားသည်။ ဆေးရုံကြီး ခွဲစိတ်ဆောင်ရှေ့မှာ ခင်ပွန်း ဦးထင်အောင်တစ်ယောက် ဆောက်တည်ရာမရ ခေါက်တုံ့လူးလာ လျှောက်နေသည်။

          ဆီးချိုကြောင့် အနာကျက်ပါ့မလား ပူရပြန်ပါပြီ။ စိတ်လည်း ညစ်လှပြီ။ ကင်ဆာပေမယ့် အနာမကျက်ဘဲ ရုပ်ပျက် ဆင်းပျက်တော့ မသေချင်။  ဆေးရုံကြီးက အနာဆေးထည့်ဆရာက သန့်ရှင်းသလို ကျွမ်းကျင်လှသည်။ အနာကတော့ ချောချောမောမော ကျက်သွားသည်။ သူမ မယုံနိုင်။

          ဆေးရုံက ဆင်းပြီးတော့ ဆေးသွင်းရ၊ ဓာတ်ကင်ရမည်တဲ့။ ကင်ဆာအထူးကုဆရာဝန်က မျက်နှာမာသော်လည်း သဘောသကာယတော့ ကောင်းပုံရသည်။

          လက်ထောက် ဆရာဝန်မလေးကကြည့်ရင်း သူမကို ပြုံးပြနေသည်။

          သြော် ... သေမယ့်သူမို့ ကြင်နာကြတာနေမယ်။

          ခွဲစိတ်ဆရာဝန်ကြီးကတော့ ဆေးတက္ကသိုလ်ဝင်းတွင်းမှာ နေသည်။ မုန့်နဲ့အ အေး သွားကန်တော့လိုက်သည်။ ခွဲပေးတာ ကျေးဇူးတင်သော်လည်း ကင်ဆာဆိုတာ ဘယ်အချိန်လဲ မေးနေရမယ့်ရောဂါ။ ကင်ဆာနဲ့ သေသူတွေ အများကြီး မြင်ဖူးခဲ့ပြီးပါပြီ။ သူမလည်း အဲဒီလမ်းကို လျှောက်နေပြီလေ။ ဒါပေမဲ့ သူမမှာ တရား ရှိတယ်။ ...  မကြာခင် ...

          ဓာတ်ကင်တဲ့ဒဏ်နဲ့ လက်မောင်းတွေ ရောင်လာသည်။ ဆေးသွင်းတာ လူလည်း ယဲ့ယဲ့သာ ကျန်တော့သည်။ ဓာတ်ကင်ဌာနက လူနာတွေ ကျိတ်ကျိတ်တိုး။ သူမ မောလာကာ ထိုင်ချလိုက်သည်။  များလိုက်တဲ့ ကင်ဆာရောဂါရှင်တွေပါ့လား။ ဘယ်အချိန်သေမယ်မသိတဲ့ အချိန်တစ်ခုဆီ သွားနေကြသူတွေ။ အသက်ရှင်ဖို့ ရုန်းကန်နေကြသူတွေ၊ ငွေရှိသူလည်း ရှိ။ ချို့တဲ့သူလည်းပါ။ အကုန်ဓ ာတ်ကင်ဌာနမှာ လာစုနေကြပါလား။

 

==========================================================

 

          " အမေရေ ... သမီး ဘဏ်သွားမလို့ ... ဘာမှာဦးမလဲ " သမီးငယ်က အပြုံးချိုချိုနှင့် မေးနေသံ ကြားရသည်။

          ရင်သားကင်ဆာကို ခွဲစိတ်ပြီးတာ ရှစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဆီးချိုကြောင့် အစားလည်း ရှောင်ရင်း လူလည်း ပိန်သွယ်သွားသည်။ ဘုရားရှိခိုး၊ တရားထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ကာ နေလာခဲ့တာ အဲလောက်တောင် ကြာခဲ့ပြီလား။

          သူငယ်ချင်းသမီး ဆရာဝန်မလေးတောင် နိုင်ငံခြားက ပြန်ခဲ့ပြီ။ ဆေးရုံတက်စဉ်က အဖြေစာရွက်လေးကို ဖြန့်ကြည့်ရင်း စိတ်ဆင်းရဲနေခဲ့ရှာသူ။

          ဒေါ်လေးမေကတော့  ကျန်းမာရွှင်လန်းပြီး လန်းလို့။ သာယာလို့။ သူမရဲ့ ဘယ်ဘက်ရင်သားမှာ ရှုံတွနေတဲ့အမာရွတ်လေး ရှိတယ်။ ဘော်လီကို အခံနဲ့ အဖောင်းလေးနဲ့ ပုံကျကျ ရွေးချယ်ဝတ်တယ်။ သူမ ရင်သား ဖြတ်ထားမှန်းတောင် မသိသာပါဘူး။ ကိုယ်ရည်စစ်သွားတာကြောင့် လှလှပပလေး ပါတိတ်လေးတွေ ပြန်ဝတ်လို့ ရသွားတယ်။

          တကယ်တော့ နိုင်ငံခြားသွားမှ ရင်သားကင်ဆာကို ကုနိုင်တာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ သိပ်တော်တဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေ၊ ကင်ဆာဆရာဝန်တွေ အလုပ်သင်ဆရာဝန်လေးတွေ၊ ဝဒ်ထဲက ဆေးထည့်ဆရာအဆုံး သူမကို အသက်ရှင်အောင် ဝိုင်းဝန်းကူညီခဲ့ကြတယ်လေ။

          ဘယ်အချိန် ပြန်ဖြစ်မှာတော့ ဒေါ်လေးမေ မသိပါ။ အဲဒါအရေးကြီးလို့လား။ ရှစ်နှစ်တိတိ သာသာယာယာ ပြည့်ပြည့်ဝဝ အသက်ရှင်ပြီးခဲ့ပြီ။ သားနဲ့သမီးလည်း အခြေကျပြီ။ သူမ အရမ်းကျေနပ်ခဲ့ပါပြီ။

           (မန္တလေးဆေးရုံကြီး၊ ခွဲစိတ်ရုံ ၃ တွင် တက်ရောက်ကုသခဲ့သော ရင်သားကင်ဆာရောဂါရှင်တစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်ပါတယ်။ သူမဟာ အခုချိန်မှာ မိသားစုနဲ့အတူ ကျန်းမာစွာ နေထိုင်လျက် ရှိပါတယ်။)

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)