ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် နည်းလမ်းကောင်းများ
ရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာသောလူနေမှုဘ၀ပုံစံပင်ဖြစ်ပါသည်။ အမျိုးသားများတွင် ရင်သားကင်ဆာဖြစ်နိုင်ချေမှာ နည်းပါးသော်လည်း ဖြစ်ခဲ့လျှင်မူပိုမို၍ ပြင်းထန်နိုင်ပါသည်။
1. မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း
ဂျူးလူမျိုးနှင့် Ashkenazi မျိုးရိုးမှဆင်းသက်လာသူများတွင် ကင်ဆာရောဂါဖြစ်နိုင်ချေများပြီး သားဥအိမ်ကင်ဆာနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် BRCA ဆဲလ်တွင် ပြောင်းလဲခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြင့် ၎င်းကင်ဆာရှိ/မရှိကို ဖော်ထုတ်ပေးနိုင်သည်။
2. ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
အသက် 40 အရွယ်မှစ၍ အမျိုးသမီးများသည် နှစ်စဉ်ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် သုံးနှစ်တစ်ကြိမ်ရင်သားစစ်ဆေးခြင်း များကိုပြုလုပ်သင့်ပါသည်။ ဒစ်ဂျစ်တယ် ရင်သားဓာတ်မှန်သည် ပုံရိပ်ကိုပိုမိုကောင်းစွာမြင်ရနိုင်ပါသည်။ ထို့ပြင် သံလိုက်ဓာတ်မှန်နှင့် တီလီဗွီရှင်းဓာတ်မှန်များရိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
3. ကင်ဆာမျိုးရိုး ရှိ/မရှိ ကြိုတင်သိရှိထားခြင်း
ရင်သားကင်ဆာဖြစ်ပွားသူ 15 ရာခိုင်နှုန်းခန့်တွင် မိသားစုမျိုးရိုးရှိလေ့ရှိပြီး အမေ (သို့) ညီအစ်မအရင်းတွင် ရင်သားကင်ဆာဖြစ်ဖူးပါက ဖြစ်နိုင်ချေ 2 ဆပိုမိုမြင့်မားပါသည်။ အကယ်၍ မျိုးရိုးထဲတွင် ကင်ဆာရောဂါသည် 2 ယောက်ရှိပါက ဖြစ်နိုင်ချေမှာ 5 ဆ ပိုမိုမြင့်တက်လာနိုင်ပါသည်။
4. ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း
အဆီနည်းပါးသော အစားအသောက်များကို ရွေးချယ်စားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်ပါသည်။ ပန်းဂေါ်ဖီစိမ်းတွင်ပါ၀င်သော sulfaraphone သည် ကင်ဆာရောဂါပျံ့ပွားမှုဟန့်တားနိုင်သောကြောင့် အာနိသင်အပြည့်အ၀ရစေရန် မချက်ပြုတ်ဘဲစားသင့်ပါသည်။
5. အရက်သောက်သုံးမှုကိုလျှော့ချခြင်း
တစ်နေ့လျှင် အရက် 2 ခွက်သောက်ခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ချေကို 21% ထိပိုမိုမြင့်မားစေသောကြောင့် အရက်အစား လတ်ဆတ်သော စပျစ်သီးများကိုသာ စားသုံးပေးသင့်ပါသည်။ စပျစ်ခွံတွင်ပါ၀င်သော resveratrol သည် estrogen (မိန်းမဟော်မုန်း) ကို လျော့ကျစေခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းကိုလျော့ကျစေပါသည်။
6. လေ့ကျင့်ခန်းပြုလုပ်ခြင်း
တစ်ပတ်လျှင် 45 မိနစ်မှ တစ်နာရီခန့်ထိ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါသည်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သူများတွင် ကိုယ်ခံအားစနစ်မြင့်တက်လာခြင်း၊ အဝလွန်မှုကိုလျှော့ချပေးခြင်း၊ သွေးတွင်းအဆီကို လျော့ကျစေနိုင်ခြင်းများအပြင် ဆီးချိုရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။
7. ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ရုံသာမက အခြားကျန်းမာရေးပြဿနာများကိုပါ ရှောင်ရှားနိုင်ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသော နေထိုင်မှုပုံစံကိုသာ ရွေးချယ်သင့်ပါသည်။
Dr. Thinzar Wynn (www.drmyanmar.com)