ရင်သားကင်ဆာအကြောင်း သိကောင်းစရာ
● အမျိုးသမီးတွေမှာ အဖြစ်များဆုံးကင်ဆာ ဖြစ်ပါတယ်။
● အမျိုးသမီး ၈ ယောက်မှာ ၁ ယောက် ဖြစ်နိုင်ပါတယ်။
● အမျိုးသမီးများအတွက် သေနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
● တစ်ခါကုလို့ ပျောက်သွားပြီးရင်လည်း ပြန်ဖြစ်တတ်ပါတယ်။
● ယောက်ျားတွေမှာ အဖြစ်နည်းပေမယ့်လည်း တွေ့ရတတ်ပါတယ်။
» ရင်သားကင်ဆာဆိုတာ
ပုံမှန်ရင်သားတစ်သျှူးလေးတွေက အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေအဖြစ် ပွားလာပြီး အလုံးအကြိတ်အဖြစ် ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလိုလူတွေမှာ ရင်သားကင်ဆာ ပိုအဖြစ်များပါတယ်။
● အသက်ကြီးသူတွေ၊ များသောအားဖြင့် ၅၀ ကျော်လာရင်
● ရာသီစောစောလာပြီး (၁၂ နှစ် မတိုင်ခင်) သွေးဆုံးတာ နောက်ကျ (၅၅ ကျော်မှ) တဲ့ အမျိုးသမီးတွေ
● ရင်သားကြီးတဲ့ အမျိုးသမီးတွေ
● ယခင်က ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေ၊ ကင်ဆာမဟုတ်တဲ့ အလုံးအကြိတ်ဖြစ်ဖူးတဲ့ အမျိုးသမီးတွေ
● မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးတဲ့ လူရှိရင် (အမေ၊ အစ်မ၊ သမီး) ဒါမှမဟုတ် အဖေ၊ အမေ ဘက်က ဆွေမျိုးတွေထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့ လူများလျှင်
● အရင်က ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးရင် (အသက် ၃၀ မတိုင်ခင် ရောင်ခြည်သင့်ဖူးရင် ဖြစ်ဖို့ ပိုများပါတယ်။)
» ဒါတွေကတော့ သင် ဆင်ခြင်ရမှာတွေပါ။
● အလှုပ်အရှား မရှိတာမျိုးက ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
● သွေးဆုံးပြီးချိန်မှာ ဝလာတာမျိုး မဖြစ်အောင် ထိန်းသိမ်းရပါမယ်။ ဝတဲ့လူတွေဟာ ပိန်တဲ့လူထက် ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
● ဟော်မုန်းဆေးတွေ သောက်တာကလည်း ရင်သားကင်ဆာ အဖြစ်များစေပါတယ်။ သွေးဆုံးကိုင်ချိန်ဝေဒနာ သက်သာအောင်ပဲဖြစ်ဖြစ် (၅ နှစ်နဲ့အထက်) ၊ သန္ဓေတားဆေးတွေ သောက်တာမျိုးပဲဖြစ်ဖြစ်
● အသက် ၃၀ ကျော်မှ ကိုယ်ဝန် စဆောင်တာ၊ ကလေးကို မိခင်နို့ မတိုက်တာ စတာတွေကလည်း ပိုဖြစ်စေပါတယ်။
● အရက်သောက်တာကလည်း မိန်းမတွေအတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများစေတယ်လို့ သုတေသန တွေ့ရှိထားတာတွေ ရှိပါတယ်။
Dr. Htar (www.drmyanmar.com)




























