/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားကျန်းမာရေးအတွက်-အမူအကျင့်ကောင်းများ

ရင်သားကျန်းမာရေးအတွက် အမူအကျင့်ကောင်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရင်သားကင်ဆာခွဲစိတ်ဆရာဝန် StephanieValente က ရင်သားကျန်းမာရေးအတွက် လုပ်သင့်တဲ့အမူအကျင့်ကောင်း (၅) ချက်ကို ပြောပြထားပါတယ်။

၁။  သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
အဝလွန်တာနဲ့ ရင်သားကင်ဆာနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာတော့ သေချာမသိပေမယ့် အမျိုးသမီးတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က ရင်သားကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာတော့ သိထားပါတယ်။
သွေးဆုံးပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ အဆီကနေ အီစထရိုဂျင်တွေထွက်တာက အဓိကအချက်ပါပဲ။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာ အီစထရိုဂျင်ကို တုံ့ပြန်တဲ့ရင်သားကင်ဆာတစ်သျှူးတွေက သာမန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် အီစထရိုဂျင်နဲ့ ပိုထိတွေ့ရပါတယ်။ ဒီနည်းနဲ့ ရင်သားကင်ဆာကြီးထွားမှုနဲ့ ပြန့်ပွားမှုတွေ ဖြစ်လာတော့တာပေါ့။
ကိုယ်အလေးချိန်နဲ့ အရပ်အချိုးညွှန်း ၃၀ ကျော်တဲ့ အဝလွန်အမျိုးသမီးတွေဟာ ၂၅ အောက်ရှိသူတွေထက် ရင်သားကင်ဆာကို သိရှိတဲ့အချိန်မှာ ကင်ဆာအဆင့် ပိုဆိုးနေတာမျိုး တွေ့ရပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ ကင်ဆာပြန့်တာလည်း ပိုမြန်ပြီး ရင်သားကင်ဆာနဲ့ သေဆုံးတာ ပိုများပါတယ်။ အဝလွန်နေတဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပျောက်သွားရင်တောင် မြန်မြန်ပိုဖြစ်တာကို တွေ့ရပါသေးတယ်။

၂။  ကာကွယ်တဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်ပါ။
လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေဟာ လှုပ်ရှားမှုနည်းသူတွေထက် ရင်သားကင်ဆာဖြစ်ဖို့ ၂၅% ပိုနည်းပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ခုခံအားစနစ်ကိုတိုးစေခြင်း၊ အဝလွန်ခြင်းကို ကာကွယ်ပေးခြင်း၊ အီစထရိုဂျင်နဲ့ အင်ဆူလင်ဟော်မုန်းတွေကို နည်းစေခြင်း စတဲ့ အကြောင်းချက်တွေကြောင့်မို့ ရင်သားကင်ဆာဖြစ်နှုန်းကို လျော့နည်းစေပါတယ်။
လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတာအပြင် အရိုးထုကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒီအချက်ဟာ ကင်ဆာဆေးတွေ၊ ဟော်မုန်းဆေးတွေသွင်းပြီး  ရင်သားကင်ဆာ ပျောက်ကင်းသွားသူတွေအတွက် အရေးပါတဲ့အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီဆေးတွေဟာ အရိုးထုထည်ကို လျော့နည်းစေပြီး အရိုးပွခြင်း၊ အရိုးကျိုးခြင်းတို့ကို ဖြစ်စေလို့ပါ။
နေ့စဉ်အလုပ်ဖြစ်တဲ့ အိမ်ရှင်းတာကစလို့ ကင်ဆာလူနာတွေအတွက် သီးသန့်တီထွင်ထားတဲ့ လေ့ကျင့်ခန်းအဆုံး လူတိုင်းလုပ်နိုင်တဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ပေးသင့်ပါတယ်။
တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၄-၅ ရက်လောက် စလုပ်ပေးရင်ကို အဆင်ပြေပါပြီ။ အလွယ်ဆုံးလုပ်နိုင်တဲ့လေ့ကျင့်ခန်းက လမ်းလျှောက်တာပါပဲ။
ရင်သားကင်ဆာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ခံစားနေရတာပဲဖြစ်ဖြစ်၊ ကုသပျောက်ကင်းသွားတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာက အထောက်အကူဖြစ်ပါတယ်။

၃။  ရေဓာတ်ပြည့်ဝအောင်နေပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပါ။
တစ်နေ့ကို အသီးအရွက် ၅-၈ ပန်းကန်လောက်အထိ စားပေးပါ။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီ၊ မုန်လာ၊ ဖရဲသီး၊ အရောင်မချွတ်ထားတဲ့ အစေ့အဆံတွေဟာ ကင်ဆာကိုတိုက်ထုတ်ရာမှာ အကောင်းဆုံးအစားအစာတွေပါပဲ။ သစ်ကြားသီး၊ ပဲ၊ ငါး၊ ဖရုံစေ့တွေမှာတွေ့ရတဲ့ အိုမီဂါ၃အဆီဓာတ်ကိုလည်း များများစားပေးသင့်ပါတယ်။ ပြုပြင်ထားတဲ့သကြားတွေ၊ အဆီတွေကိုတော့ ဝေးဝေးကရှောင်ပါ။ ဒီအစားအသောက်တွေဟာ ဗိုက်ပူခါးတုတ်စေရုံတင်မကဘဲ ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်လို့ပါ။
ရေဓာတ်ပြည့်ဝအောင် သောက်ဖို့လည်း မမေ့ပါနဲ့။ ရေဘူးကို အမြဲလက်ထဲဆောင်ထားပြီး တစ်နေ့ကို ၂-၃ လီတာလောက် သောက်ပေးဖို့ လိုပါတယ်။
ဆိုင်မှာ မုန့်ဝယ်ရင် မုန့်ရဲ့ပါဝင်ပစ္စည်းတွေကို ဖတ်ပါ။ ကိုယ်စားမယ့် အစားအသောက်ထဲမှာ ကယ်လိုရီ ဘယ်လောက်ပါတယ်ဆိုတာ ကြည့်ပါ။ ဒီနည်းအားဖြင့် ကိုယ့်အတွက် မကောင်းတဲ့အစားအသောက်တွေကို ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေဟာ ရင်သားကင်ဆာအပါအဝင် ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပြီး ကင်ဆာပွားနှုန်းနဲ့ပြန်ဖြစ်နှုန်းတွေကိုပါ တားဆီးပေးနိုင်ပါတယ်နော်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာတွေဟာ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဆရာဝန်တို့၊ အာဟာရပညာရှင်တို့နဲ့ ဆွေးနွေးတိုင်ပင်ပါ။

၄။  အရက်ကို တစ်နေ့တစ်ခွက်ထက် ပိုမသောက်ပါနဲ့
အရက်ဆိုတာ မသောက်ရင် အကောင်းဆုံးပါ။ တစ်နေ့ကို အရက်တစ်ခွက်ထက် ပိုပြီးသောက်ရင် ၂ ခွက်လောက်ဆိုရင်တောင် ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ရင်သားကင်ဆာဖြစ်ကြောင်း သိပြီးနောက် တစ်ပတ်ကို အရက် ၃ ခွက်နဲ့အထက် သောက်တယ်ဆိုရင် ရင်သားကင်ဆာပြန်ဖြစ်နှုန်း ပိုများပါတယ်။

၅။  ဗီတာမင်၊ အထူးသဖြင့် ဗီတာမင်ဒီ သောက်ပါ။
ဗီတာမင်ဒီနည်းတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နှုန်း ပိုများသလို ပြန်ဖြစ်နှုန်းလည်း ပိုများပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်ဒီပမာဏ များသူတွေဟာ ရင်သားကင်ဆာကိုလည်း ပိုကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။
ဗီတာမင်ဒီ အဓိကရတဲ့နေရာက နေရောင်ကနေဖြစ်တာမို့ နေရောင်ကောင်းကောင်းမရတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်ဒီ ပိုချို့တဲ့ပါတယ်။ ဒါပေမဲ့ နေရောင်ထဲ တစ်ချိန်လုံးနေရရင်လည်း အရေပြားကင်ဆာကို ကာကွယ်ဖို့အတွက် နေရောင်ကာခရင်မ် လိမ်းပေးသင့်ပါတယ်နော်။
သွေးတွင်းဗီတာမင်ဒီပမာဏကို စစ်ဆေးပါ။ ကျနေခဲ့ရင် ဗီတာမင်ဒီအားဆေး သောက်ဖို့ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကျန်းမာရေးဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတာပါ။ ဒီအလေ့အကျင့် (၅) မျိုးကိုသာ သေသေချာချာ လိုက်နာခဲ့ရင် ရင်သာကင်ဆာကိုတင်မက တခြားကင်ဆာတွေနဲ့ ရောဂါဘယတွေကိုပါ ကာကွယ်နိုင်ပြီး ခွန်အား ပိုမိုတက်ကြွ၊ စိတ်ဖိစီးမှုနည်းပြီး စိတ်ခံစားချက်တွေ ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Dr. Mya Phoo Ngon (www.drmyanmar.com)