ရင်သားနာကျင်ခြင်း
ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်လို့ cyclical breast pain (ရာသီနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း) နဲ့ non-cyclical breast pain (ရာသီနှင့်မဆိုင်သော ရင်သားနာကျင်ခြင်း) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Cyclical breast pain (ရာသီနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း)
Cyclical breast pain ဆိုတာ ရာသီလာချိန်မစမီမှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ဖြစ်လာတဲ့ ရင်သားနာကျင်ခြင်း ဖြစ်ပါတယ်။ အများအားဖြင့် ရင်သားနှစ်ဖက်လုံး နာကျင်တာဖြစ်ပြီး အသက်ငယ်တဲ့ အမျိုးသမီးလေးတွေမှာ အဖြစ်များပါတယ်။ ရင်သားကတင်းပြီး နာကျင်တာ၊ ဆူးစူးနေသလို တဆစ်ဆစ်ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ရင်သားမှနာကျင်မှုအရှိန်ကြောင့် ချိုင်း၊ လက်မောင်းတစ်လျှောက် နာကျင်ကိုက်ခဲသလိုခံစားရတတ်ပါတယ်။ လစဉ်လတိုင်း ရာသီလာချိန်အနီးအနား၀န်းကျင် ရင်သားနာကျင်ခြင်းဖြစ်ပေါ်တတ်ပြီး နာကျင်မှုပြင်းအားက အမြဲတစေတော့မတူညီနိုင်ပါဘူး။ ရာသီလာပြီးသွားရင် သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။
ရင်သားနာကျင်ခြင်းဆိုတာ ရင်သားကြီးတာနဲ့လဲမဆိုင်သလို အခြားသောရင်သားနဲ့ဆိုင် တဲ့ ရောဂါတွေဖြစ်စေခြင်းရဲ့ ရှေ့ပြေးလက္ခဏာလည်း မဟုတ်ပါဘူး။ သွေးဆုံးချိန်မှာ ရင်သားနာကျင်ခြင်းဟာ အလိုအလျောက်မခံစားရတော့တာ များပါတယ်။
ပုံမှန်ဆိုရင်တော့ နာကျင်တာဟာ ဆေးသောက်စရာမလိုတဲ့ အနေအထားမျိုးလောက်သာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန်နာတာမျိုးလဲ ကြုံရနိုင်ပါတယ်။ ဒီလို ရင်သားနာကျင်ချိန်မှာ နာကျင်မှုဒဏ် သက်သာလျော့ပါးအောင် ဆရာ၀န်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။ အဓိက ကတော့ ကိုယ်နဲ့မတော်တဲ့ ဘရာကို မ၀တ်မိဖို့ပါ။ အိပ်ရာ၀င်ချိန်မှာ၀တ်တဲ့ဘရာကို တင်းတင်းကျပ်ကျပ်၀တ်တာမျိုးကို ရှောင်ကျဉ်မယ်၊ လေ့ကျင့်ခန်းလုပ်ချိန်မှာ ရင်သားအားကောင်းစွာထောက်ပံ့ မှုပေးမယ့် sports bra မျိုးကို ၀တ်ဆင်မယ်ဆိုပါက ရင်သားနာကျင်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဖြည့်စွက်အားဆေးကို နောက်တစ်ခေါက်ရာသီမလာခင် နှစ်ပတ်လောက်ကြိုသောက်ထားပါက ရင်သားနာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ပြည့်၀ဆီပါတဲ့ အစားအစာတွေလျှော့စားမယ်၊ ကဖင်းဓာတ်ပါ၀င်တဲ့ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီလျှော့သောက်မယ် ရင်သားအလွန်အမင်းနာကျင်ခြင်းမျိုး မရှိစေနိုင်ပါဘူး။
Non-cyclical breast pain (ရာသီနှင့်မဆိုင်သော ရင်သားနာကျင်ခြင်း)
Non-cyclical breast pain ဟာ ဖြစ်ရင်း အကြောင်းမသိရသော ရင်သားနာကျင်မှုမျိုးဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ရင်သားအဖုအကျိတ်တွေ၊ ပြည်တည်နာနဲ့ ရင်သားအတွင်း အရည်အိတ်တည်ခြင်းတို့ကြောင့်လည်း ရင်သားနာကျင်မှုကိုဖြစ်စေနိုင်သလို နို့တိုက်ခြင်းကြောင့် လည်း နို့အုံရောင်ရမ်းနာဖြစ်စေနိုင်ပါတယ်။ ယခင်က ရင်သားခွဲစိတ်ခံရဖူးသူတွေမှာလည်း ရင်သားနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ်၊ စိတ်ကျန်းမာရေးအတွက်သောက်တဲ့ ဆေးဝါးတချို့၊ မှိုရောဂါအတွက်သုံးတဲ့ ဆေးဝါးတချို့ကလည်း ရင်သားနာကျင်စေတဲ့ အကြောင်းများထဲမှာ ပါ၀င်ပါတယ်။
အသက် 30-50 ကြား အမျိုးသမီးတွေမှာ non-cyclical breast pain အဖြစ်များပြီး ရင်သားတစ်ဖက်တည်းမှာသာ နာကျင်ကိုက်ခဲတာမျိုးဖြစ်တတ်ပါတယ်။ ရင်သားနာကျင်မှုေ၀ဒနာ သက်သာအောင် cyclical breast pain မှာ ကုသနည်းတိုင်း ကုသလို့ရပါတယ်။ ရင်သားနာကျင်မှုဟာ အချိန်တိုအတွင်း ပျောက်ကင်းသွားမှုမရှိဘူး၊ နာကျင်မှုလည်းပြင်းထန်မယ်ဆိုရင်တော့ ဆရာ၀န်နဲ့ ဂရုတစိုက်ပြပြီး ဖြစ်စေတဲ့ အကြောင်းအရင်းကို အဓိကထား ကုသပေးဖို့ လိုအပ်ပါတယ်။
♦ ရင်သားနှင့်ပတ်သက်ပြီး သတိထားသင့်သည့်အချက်များ
- ရင်သားနှစ်ဖက်လုံးမှာ အဖု ဒါမှမဟုတ် အသားစိုင်လို မာခဲခဲဖြစ်နေလျှင်
- နို့သီးခေါင်းထိပ်မှ ပြည်ဆန်ဆန်အရည်မျိုးထွက်လျှင်
- ချိုင်းနှစ်ဖက်တွင် အဖု (သို့ ) ရောင်ရမ်းခြင်းဖြစ်နေလျှင်
- ရင်သားအရွယ်အစား (သို့) ပုံသဏ္႑ာန်ပြောင်းနေလျှင်
- နို့သီးခေါင်းချိုင့်၀င်နေလျှင်
- ရာသီစက်၀န်းအချိန်အပိုင်းအခြား၌မဟုတ်ဘဲ ရင်သားနှစ်ဖက် (သို့) ချိုင်းတွင်နာကျင်နေလျှင် ဆရာ၀န််ပြဖို့လိုအပ်ပါပြီ။
CMS






























