ရာသီမမှန်ခြင်း အကြောင်းအရင်းများ
ရာသီ မမှန်တာဟာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အခုမှ ရာသီ စလာတဲ့ အမျိုးသမီးငယ်တွေ ရာသီ စလာချိန်ကစပြီး နှစ်အနည်းငယ်အတွင်းမှာ ရာသီ ကမောက်ကမ ဖြစ်တာတွေ ကြုံနိုင်ပါတယ်။ သိထားရမယ့်အချက်က သွေးစပေါ်ပြီး ၆ လကနေ ၁ နှစ်အတွင်းမှာ ဘယ်သူမှ မှန်တာ မရှိပါဘူး။ များကောင်း များနိုင်တယ်။ ၁ လတည်း ၂ ခါပေါ်တာလည်း ဖြစ်နိုင်ပါတယ်။
အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ တစ်လ တစ်ခါ လာပေမယ့် ရက်တိုချင် တိုနေတတ်ပါတယ်။ ဒီနေရာမှာ ရာသီ ပေါ်ချိန်၊ လာရက်၊ ပမာဏ စတာတွေဟာ အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် မတူတာကို သတိပြုစေချင်ပါတယ်။ သူ့ရာသီစက်ဝန်းနဲ့ သူ ဖြစ်ပါတယ်။ မိမိရာသီလာချိန် ဘယ်နှစ်ရက်ကြာမယ်၊ ဆင်းတဲ့သွေး ပမာဏတွေကို မှတ်သားထားဖို့ လိုအပ်ပြီး ပြောင်းလဲမှုရှိတယ်၊ များလာမယ်၊ နည်းလာမယ်၊ ထိမ်လာမယ်ဆိုမှသာ ရာသီ မမှန်ဘူးလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။
>> ရာသီသွေး မမှန်ရတဲ့ အကြောင်းရင်းများ
ရာသီသွေး မမှန်ခြင်းကို ဖြစ်စေတဲ့ တခြားအကြောင်းတွေလည်း ရှိတာကြောင့် ကွဲကွဲပြားပြား သိရအောင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုအပ်ပါတယ်။
အသက်အရွယ်အလိုက် အဖြစ်များတတ်တဲ့ ရောဂါပြဿနာတွေကို ဆရာဝန်က အဖြေရှာပါလိမ့်မယ်။
ရာသီ မမှန်ဘူးဆိုရင် စဉ်းစားသင့်တဲ့ အကြောင်းအရာတွေကတော့ -
● ကိုယ်ဝန်ပျက်ခြင်း
● သားအိမ်တွင်း သန္ဓေတားပစ္စည်း ထည့်ထားခြင်း
● သားအိမ်တွင်း အလုံးတည်ခြင်း
● သွေးခဲခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေခြင်း
● အခြားသော ရောဂါတစ်ခုခု ရှိနေခြင်း (ဥပမာ - သိုင်းရွိုက်ဟော်မုန်းနှင့်ဆိုင်တဲ့ ပြဿနာ)
>> ရာသီသွေး များခြင်းကြောင့် အန္တရာယ်ရှိနိုင်လား?
ရာသီသွေးဆင်း များတဲ့အခါမှာ သံဓာတ်တွေ ဆုံးရှုံးတာကြောင့် အားအင်ချိနဲ့ ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ ပုံမှန်အတိုင်း ရာသီသွေးဆင်းရာကနေ ရာသီသွေးဆင်း များလာတာမျိုး၊ ရာသီလာရက် ရှည်တာမျိုး၊ ညိုညိုပုပ်ပုပ် အတုံးအခဲတွေ ဆင်းတာမျိုးဆို မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်ပါ။
>> ရာသီသွေး ကြားဖောက်ဆင်းခြင်း
ရာသီ တစ်ခုနဲ့တစ်ခုကြား ကြားဖောက်ဆင်းတာမျိုးက ဖြစ်တတ်ပါတယ်။
၁။ မျိုးဥကြွေချိန်
တချို့အမျိုးသမီးတွေက မျိုးဥကြွေပြီး တစ်ရက်၊ နှစ်ရက်အကြာမှာ ကြားဖောက် ဆင်းလေ့ရှိပါတယ်။
၂။ သန္ဓေတားဆေး
ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကြောင့် စသုံးချိန်မှာဖြစ်ဖြစ်၊ ရပ်လိုက်ချိန်မှာဖြစ်ဖြစ် ကြားဖောက်ဆင်းတာမျိုး ကြုံရနိုင်ပါတယ်။ လတိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။
၃။ ကိုယ်ဝန်ရှိနေခြင်း
ကိုယ်ဝန်ဆောင် ပထမ လအနည်းငယ်မှာ ကြားဖောက်ဆင်းတာဟာ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် မလိုအပ်ဘဲ သွေးဆင်းတာဟာ နေရာမှားယွင်း သန္ဓေတည်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသစေလိုပါတယ်။
၄။ သွေးဆုံးချိန်
သွေးဆုံးချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ကြားဖောက်ဆင်းတာမျိုး ကြုံရပါတယ်။ ဒါပေမဲ့လည်း ကြားဖောက်ဆင်းတာဟာ ကိုယ်ဝန်ပျက်ကျခြင်း၊ နေရာမှား သန္ဓေတည်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း ပြဿနာရှိခြင်း၊ သားအိမ် အလုံးတည်ခြင်း၊ မျိုးဥအိတ်၊ ရေအိတ်တည်ခြင်း၊ သားအိမ်ခေါင်းကင်ဆာ စတာတွေရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေနိုင်တာကြောင့် မပေါ့ဆဖို့ အကြံပြုပါရစေ။
Dr. Htet Hter Aung (www.drmyanmar.com)





























