/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီသွေးဆင်းများခြင်း

ရာသီသွေးဆင်းများခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဓမ္မတာလာချိန်တွင် ပုံမှန်မဟုတ်ဘဲ သွေးအများကြီးဆင်းခြင်း (သို့) ရက်ကြာကြာဆင်းခြင်းကို ရာသီသွေးဆင်းများတယ်လို့ ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးကို သွေးဆုံးခါနီးအချိန်တွေမှာ ကြုံတွေ့တတ်ကြပေမယ့် အများစုကတော့ သွေးဆင်းများတယ်လို့ ဆိုရလောက်အောင် အများကြီးဆင်းတာမျိုး မဟုတ်ပါဘူး။ သွေးတွေ အရမ်းဆင်းပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်လောက်အောင် ဗိုက်အောင့်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူရပါမယ်။

>>  ရောဂါဖြစ်စေသော အကြောင်းအရင်းများ
အချို့သောကိစ္စများတွင် သွေးဆင်းများရခြင်းအကြောင်းရင်းကို မသိနိုင်သော်လည်း အကြောင်းအရင်း တော်တော်များများကြောင့် သွေးဆင်းများတတ်ပါတယ်။

အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ -
၁။  ဟော်မုန်းမညီမျှခြင်း - ပုံမှန်ဓမ္ဓတာစက်ဝန်းတွင် estrogen နဲ့ progesterone လို့ခေါ်တဲ့ ဟော်မုန်းနှစ်မျိုးက ရာသီသွေးဆင်းရင် ကြွေကျတဲ့သားအိမ်နံရံတည်ဆောက်မှုကို ထိန်းချုပ်ထားပါတယ်။ ဟော်မုန်းမညီမျှဘူးဆိုရင် သားအိမ်နံရံအတွင်းသားများ ပိုပိုထူလာပြီး ရာသီသွေးဆင်းချိန်မှာ များများကြွေကျခြင်းဖြင့် သွေးဆင်း များစေပါတယ်။
၂။  သားဥအိမ် ပုံမှန်အလုပ်မလုပ်ခြင်း - သားဥအိမ်က ရာသီစက်ဝန်းအတွင်းမှာ ပုံမှန်ကြွေရမယ့် ‘မ’ မျိုးဥကို မထုတ်ပေးနိုင်ရင် ခန္ဓာကိုယ်က progesterone ဆိုတဲ့ ဟော်မုန်းကို ပုံမှန်အတိုင်း မထုတ်ပေးနိုင်ပါဘူး။ ဤသို့ဖြင့် ဟော်မုန်းမညီမျှမှုကို ဖြစ်ပေါ်စေပြီး ရာသီသွေးဆင်း များစေပါတယ်။
၃။  သားအိမ်အသားလုံး - ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်တွေမှာ သားအိမ်မှာ အသားလုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ပုံမှန်ထက် ပိုပြီးသွေးများများဆင်းစေနိုင်ပါတယ်။
၄။  Adenomyosis - သားအိမ်နံရံမှာရှိတဲ့ ဂလင်းတွေဟာ သားအိမ်ကြွက်သားတွေထဲမှာ နှစ်မြုပ်သွားတဲ့အခါမှာ သွေးဆင်းများပြီး ဗိုက်အောင့်စေပါတယ်။ ဒါကတော့ သက်လတ်ပိုင်းကလေးအမေတွေမှာ အဖြစ်များပါတယ်။
၅။  သားအိမ်ထဲထည့်ရသော သန္ဓေတားပစ္စည်း - ဒီပစ္စည်းကြောင့် သွေးဆင်းများတာဆိုရင်တော့ ပြန်ထုတ်ဖို့ လိုပါတယ်။

Dolfenal 1

၆။  ကိုယ်ဝန်၏နောက်ဆက်တွဲပြဿနာများ - ပုံမှန်ရာသီလာတဲ့ရက်ထက် နောက်ကျပြီး တစ်ကြိမ်တည်းနဲ့ သွေးအများကြီးဆင်းတာ ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်ရာသီလာချိန်မှာ ဆင်းတာဆိုရင်တော့ ကိုယ်ဝန်ပျက်ကျတာ မဖြစ်နိုင်ပါဘူး။
သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း - သားအိမ်ထဲတွင် သန္ဓေတည်ရမယ့်အစား သားဥပြွန်မှာ တည်ရင်လည်း သွေးဆင်း များတတ်ပါတယ်။
၇။  ကင်ဆာ - သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာတွေကြောင့် သွေးဆင်းများနိုင်ပေမယ့် ဖြစ်ခဲပါတယ်။
၈။  မွေးရာပါသွေးရောဂါများ - အချို့သော ပုံမှန်သွေးမခဲသည့်ရောဂါများ (Von Willebrand’s disease) တွင် အရေးကြီးသော သွေးခဲစေသည့်ပစ္စည်းချို့တဲ့ခြင်းကြောင့် သွေးဆင်းများနိုင်ပါတယ်။
၉။  ဆေးများ - အရောင်ကျဆေးများ၊ သွေးကျဲဆေးများကြောင့်လည်း သွေးဆင်းများနိုင်ပါတယ်။
၁၀။  အခြားကျန်းမာရေးအခြေအနေများ - သိုင်းရွိုက်ရောဂါများ၊ သားအိမ်ရောင်ခြင်း၊ သားအိမ်အတွင်းဆဲလ်များ နေရာလွဲပြီး အပြင်သို့ရောက်နေခြင်း (endometriosis)၊ အသည်းနှင့်ကျောက်ကပ်ရောဂါများကလည်း သွေးဆင်းများခြင်းကို ဖြစ်စေပါတယ်။

>>  ရောဂါဖြစ်နိုင်ချေများသောအချက်များ
သွေးဆင်းများခြင်းဟာ ဟော်မုန်းမညီမျှမှုကြောင့် အဖြစ်များပါတယ်။ ဟော်မုန်းမညီမျှခြင်းရဲ့ အကျိုးဆက်ကတော့ မမျိုးဥ မထုတ်လွှတ်နိုင်တာပဲ ဖြစ်ပါတယ်။ ပုံမှန်ရာသီစက်ဝန်းအရဆိုရင် သားဥအိမ်ကနေ လွှင့်ထုတ်လိုက်တဲ့ မမျိုးဥဟာ ကိုယ်ခန္ဓာကနေ Progesterone ဟော်မုန်းထုတ်ဖို့ အားပေးပါတယ်။ ဒီ Progesterone ဟော်မုန်းဟာ ရာသီမှန်မှန်လာဖို့ ထိန်းညှိပေးပါတယ်။ တကယ်လို့ မမျိုးဥမထုတ်နိုင်ရင် Progesterone ဟော်မုန်းလည်း လုံလုံလောက်လောက် ထွက်မှာမဟုတ်တော့ဘဲ ရာသီလာချိန်မှာ သွေးဆင်းများစေမှာ ဖြစ်ပါတယ်။

>>  အသက်အရွယ် အုပ်စုနှစ်ခုမှာ အဖြစ်များပါတယ်။
●  အခုမှ ရာသီစလာတဲ့ ဆယ်ကျော်သက်မိန်းကလေးများ - ရာသီစလာတဲ့ပထမနှစ်မှာ ‘မ’ မျိုးဥ မကြွေတတ်ပါဘူး။
●  သွေးဆုံးခါနီး အသက်ကြီးသောအမျိုးသမီးများ - အသက် ၄၀-၅၀ အရွယ်ရှိ အမျိုးသမီးတွေက မျိုးဥမကြွေတော့ဘဲ ဟော်မုန်းမညီမျှမှုတွေ ဖြစ်တတ်ပါတယ်။

Dolfenal 2

>>  လက္ခဏာများ
၁။  တစ်နာရီအတွင်း ရာသီခံဂွမ်းကပ် တစ်ခု (သို့) တစ်ခုထက်ပို၍ သွေးစိုရွှဲသွားခြင်းနှင့် နာရီအတော်ကြာတိုင်အောင် ထိုကဲ့သို့ဖြစ်နေခြင်း
၂။  သွေးဆင်းများသောကြောင့် ဂွမ်းကပ်နှစ်ထပ်ခံရခြင်း
၃။  ညဘက်မှာ ဂွမ်းကပ်ထလဲရခြင်း
၄။  တစ်ပတ်ထက်ပိုပြီး သွေးဆင်းခြင်း
၅။  သွေးခဲများ တစ်ရက်ထက် ပိုဆင်းခြင်း
၆။  သွေးဆင်းများသောကြောင့် ပုံမှန်အလုပ်များ မလုပ်နိုင်ခြင်း
၇။  သွေးအားနည်းရောဂါလက္ခဏာများ - မောပန်းခြင်း၊ နုံးခြင်း၊ အသက်ရှူမြန်ခြင်းတို့ကိုပါ ခံစားလာရခြင်း

>>  ဘယ်အချိန်မှာ ဆရာဝန်ကို သွားပြသင့်သလဲ?
အောက်ပါလက္ခဏာတွေ ခံစားရရင်တော့ ဆရာဝန်ဆီ သွားပြရပါမယ်။
●  တစ်နာရီအတွင်း ရာသီခံဂွမ်းကပ် တစ်ခု (သို့) တစ်ခုထက်ပို၍ သွေးစိုရွှဲသွားခြင်းနှင့် နာရီအတော်ကြာ ထိုကဲ့သို့ဖြစ်နေခြင်း
●  ရာသီဆင်းရက်မဟုတ်ဘဲ ကြားချိန်တွင်သွေးဆင်းခြင်း (သို့) ပုံမှန်မဟုတ်ဘဲသွေးဆင်းခြင်း
●  သွေးဆုံးပြီးချိန်တွင် မိန်းမကိုယ်မှ သွေးပြန်ဆင်းခြင်း
စတာတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်ပြသ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)