ရာသီသွေးဆင်းများတာ လနဲ့ချီကြာလာရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်
အမျိုးသမီးတိုင်း ရာသီလာရင် တစ်ရက် နှစ်ရက်လောက် ရာသီသွေးအဆင်းများတာကို ကြုံဖူးကြမှာပါ။ ဒါပေမဲ့ တချို့သော အမျိုးသမီးတွေအတွက်ကတော့ တစ်ရက်၊ နှစ်ရက်မကဘဲ ရာသီသွေးအဆင်းများတဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ရာသီသွေးအဆင်းများတာက menorrhagia လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကြာလာရင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။
>> ရာသီသွေးအဆင်းများနေမှန်း ဘယ်လို သိနိုင်မလဲ?
1. ရာသီသွေးဆင်းတာ ၇ ရက်ထက် ကြာရင်
2. Pad / tampon တွေ ခဏခဏလဲရရင်၊ လဲတိုင်းလည်း စိုရွဲနေရင်
3. သွေးခဲတွေ ဆင်းရင်
4. Pad ကို နှစ်ထပ်လောက် ခံရရင် menorrhagia ရနေပြီလို့ အကြမ်းဖျင်း သိနိုင်ပါတယ်
Dolfenal 1

အမျိုးသမီးတွေအတွက် ကိုယ့်ရဲ့ ရာသီစက်ဝန်း အခြေအနေကို သေချာသိနိုင်အောင် ရာသီးသွေးဆင်းတဲ့ပမာဏ၊ ကြာတဲ့ရက်၊ နာကျင်မှု ရှိ/မရှိ စတာတွေကို သေချာမှတ်သားထားသင့်ပါတယ်။ သွေးခဲဆင်းတာ ရှိ/မရှိ၊ ရှိရင်ရော ဘယ်လောက်များလဲ၊ နာကျင်တာ၊ သွေးဆင်းများတာတွေကြောင့် အလုပ်၊ ကျောင်း နားရတာမျိုးရောရှိလား စသဖြင့် တတ်နိုင်သလောက် မှတ်ထားသင့်ပါတယ်။ ဒါမှသာ နောက်ပိုင်း ဆရာဝန်နဲ့ ပြသခဲ့ရင်လည်း သေချာ ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ ပြသရင် USG ရိုက်တာ၊ သားအိမ်ခေါင်းအချွဲယူပြီး စစ်ဆေးတာမျိုးတွေ လုပ်ပါလိမ့်မယ်။
>> သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဆိုတာ
ခန္ဓာကိုယ်ထဲက သွေးတွေ ဆုံရှုံးတာကြာလာရင် သံဓာတ်တွေ ဆုံးရှုံးတာ များလာပါတယ်။ သံဓာတ်က ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကို သယ်ပေးတဲ့ သွေးနီဥ ထုတ်လုပ်တဲ့နေရာမှာ အရေးပါ,ပါတယ်။ ဒီအခါ သွေးနီတွေ နည်းလာတာကို သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါလို့ ခေါ်ပါတယ်။
အမျိုးသမီးတွေရဲ့ ၂၅% လောက်က menorrhagia ကို ခံစားနေရပေမဲ့ ဒီလို သွေးဆင်းများတာ ၆ လကျော်လာရင် သွေးအားနည်းရောဂါ ဖြစ်လာနိုင်တာကို မသိကြပါဘူး။ သူ့ရဲ့ ရောဂါလက္ခဏာတွေက တိတိကျကျ မရှိပါဘူး။
● ပင်ပန်းနွမ်းနယ်တာ
● ခေါင်းကိုက်တာ
● အသားအရေ ဖျော့တော့နေတာ
● ခြေတွေ လက်တွေ အေးစက်နေတာ
● မောတာ စတာတွေ ခံစားရတတ်ပါတယ်။
တချို့ဆို ဘာလက္ခဏာမှ မခံစားရတတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်က menorrhagia ဖြစ်နေတယ်ဆိုရင် သွေးအားနည်းတဲ့ လက္ခဏာ ဘာမှမခံစားရရင်တောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Dolfenal 2

>> ဘယ်လိုကုသလို့ရလဲ?
သွေးဆင်းများတာကိုတော့ ဆေးနဲ့ ကုသတာရယ်၊ ခွဲစိတ်ကုသတာရယ်ဆိုပြီး ၂ မျိုး ရှိပါတယ်။
ဆေးနဲ့ ကုသတဲ့နေရာမှာ သွေးဆင်းနည်းအောင် ဆေးပေးတာ၊ သန္ဓေတားဆေး၊ သားအိမ်ထဲကို ဟော်မုန်းပါတဲ့ ပစ္စည်းတွေကို ထည့်တာမျိုး လုပ်လို့ရပါတယ်။
နောက်တစ်ခုက သားအိမ်ကို ခွဲစိတ်ပြီး ထုတ်တာမျိုးပါ။ ဒါကတော့ မိန်းကလေး ငယ်ငယ်လေးတွေ၊ ကလေးလိုချင်တဲ့ အမျိုးသမီးတွေအတွက်က ဆေးနဲ့ကုသတာ မအောင်မြင်မှဘဲ ဒီနည်းကို သုံးပါတယ်။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကတော့ သူ့ရဲ့ ပြင်းထန်မှုပေါ် မူတည်ပြီး ကုသမှု ကွာခြားပါတယ်။ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ စားတာ၊ သံဓာတ်အားဆေးသောက်တာ စတာတွေက စစဖြစ်ချင်းမှာ ကုသတဲ့နည်းတွေ ဖြစ်ပါတယ်။ အားနည်းတာ ဆိုးရင်တော့ သံဓာတ်အားဆေး သွင်းတာ၊ သွေးသွင်းတာ စတာတွေ လုပ်ဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)






























