/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရောဂါပိုးဝင်ခြင်းကြောင့်-နို့သီးခေါင်းနာကျင်ခြင်း

ရောဂါပိုးဝင်ခြင်းကြောင့် နို့သီးခေါင်းနာကျင်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

နို့သီးခေါင်းမှာ ပွတ်တိုက်မှုတွေကြောင့် အနာတရဖြစ်နေတာ၊ ဓာတ်မတည့်မှုတွေ ဖြစ်နေတာ၊ အက်ကွဲနေတာ၊ သွေးထွက်နေတာတွေရှိနေရင် ရောဂါပိုးဝင်နှုန်း ပိုများနိုင်ပါတယ်။ နို့တိုက်မိခင်တွေမှာလည်း ပိုးဝင်နိုင်ပါသေးတယ်။
နို့သီးခေါင်းရဲ့ဘေးပတ်လည်က တစ်သျှူးတွေ ပျက်စီးနေသူတွေ၊ ပိုးသတ်ဆေးတွေ သောက်နေရသူတွေ၊ အရင်က မှိုပိုးဝင်ဖူးသူတွေမှာ Candida albican ဆိုတဲ့ မှက်ခရုဖြစ်စေနိုင်တဲ့ မှိုပိုးဝင်တာကြောင့် နာကျင်လေ့ရှိပါတယ်။
ဒီလိုမှိုပိုးဝင်တဲ့အခါ နို့သီးခေါင်းဟာ ပူပူကြီးဖြစ်ပြီး စူးခနဲစူးခနဲနာတတ်တဲ့အပြင် ပန်းဆီရောင်တောင်တောက် အရောင်ရဲနေတတ်ပါတယ်။ သားမြတ်နားတစ်ဝိုက်မှာလည်း နီရဲပြီး အဖတ်တွေကွာနေနိုင်ပါတယ်။
နို့တိုက်မိခင်တွေမှာ ဒီလိုမှက်ခရုပိုးဝင်တဲ့အခါ နို့တိုက်ပြီးတိုင်းမှာ ပူပူစူးစူးကြီးဖြစ်ပြီး နာနေတတ်ပါတယ်။ ဒါတင်မကပဲ ကလေးမှာလည်း ပိုးဝင်တဲ့လက္ခဏာတွေ ပေါ်နိုင်ပါတယ်။
ဒါ့အပြင် နို့ချောင်းတွေထဲမှာ နို့ပိတ်တဲ့အခါ နို့အုံရောင်တတ်ပါသေးတယ်။ ဒီလိုပိတ်မိနေတဲ့နို့ချောင်းထဲမှာ ပိုးမွှားတွေပွားလာပြီး နို့အုံရော နို့သီးခေါင်းပါ နီရဲတင်းပြောင် နာကျင်လာပါတယ်။
နို့အုံရောင်တာကို ကုသဖို့အတွက် ပိုးသတ်ဆေးသောက်ရပါမယ်။ မကုသဘဲထားလိုက်မိရင် ပြည်တည်နာ ဖြစ်သွားတတ်တာကြောင့် ဒီလိုနို့အုံရော နို့သီးခေါင်းတွေနာနေပြီး အောက်ဖော်ပြပါလက္ခဏာတွေပါ တွဲရှိနေခဲ့ရင် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါတယ်။
● ချမ်းတုန်ဖျားခြင်း
● ရင်သားတွေပူနွေးနေခြင်း
● ရင်သားနဲ့နို့သီးခေါင်းတွေ နီရဲနေခြင်း
● မညီမညာရင်သားအကြိတ်တွေဖြစ်နေခြင်း

Dr. Emerald (www.drmyanmar.com)