/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သင့်မှာ-သားအိမ်ကင်ဆာဖြစ်နိုင်ခြေ-ရှိလား

သင့်မှာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ရှိလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သားအိမ်ကင်ဆာဟာ အဖြစ်များဆုံး အမျိုးသမီးကင်ဆာတွေထဲမှာ နံပါတ်လေးနေရာ လိုက်လျက်ရှိပါတယ်။ သားအိမ်ကင်ဆာလို့ ဆိုလိုက်တိုင်း စိုးရိမ်စိတ်ပူစရာ အခြေအနေတွေကို တန်းစဉ်းစားမိကြပေမယ့် ကိုယ့်မှာ ဒီလိုအန္တရာယ် ရှိနေပြီလားဆိုတာ သိပ်မတွေးတတ်ကြပါဘူး။ ဒီတော့ ဘယ်လိုအမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိသလဲ။

၁။       အဝလွန်နေတဲ့အမျိုးသမီးတွေဟာ သားအိမ်ကင်ဆာ အဖြစ်များတဲ့သူတွေပါ။ အဝလွန်တာနဲ့ သားအိမ်ကင်ဆာဟာ တိုက်ရိုက်ဆက်စပ်နေပြီး ကြောက်စရာကောင်းလောက်အောင် အဖြစ်များလျက် ရှိပါတယ်။

၂။       အဝလွန်တာအပြင် နောက်ထပ်ပြဿနာရှိနိုင်သူတွေက ဆီးချိုရှိတဲ့အမျိုးသမီးတွေပါ။ ဆီးချိုရောဂါနဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှုကလည်း ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန်ချခြင်း၊ ဆီးချိုဆေး သောက်သုံးခြင်း၊ အဆီလျှော့၊ အချိုရှောင်၊ အရွက်စားစနစ်လေး သုံးပြီး စားသောက်နေမှု ပြုပြင်ရင်း ကြိုးစားကာကွယ်ကြည့်ပါဦး။

၃။       လှချင်လို့ နုပျိုဖို့ ဟော်မုန်းအစားထိုး ကုသပြန်တော့လည်း နောက်ထပ် တစ်ဒုက္ခ လာပြန်ပါတယ်။ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များလာပါတယ်။ ကံကောင်းတာလေးက အစားထိုးဟော်မုန်းဆေးဝါးထဲမှာ ပရိုဂျက်စထရင် ပါဝင်နေရင်  သားအိမ်ကင်ဆာ ဖြစ်ပွားမှုအန္တရာယ် လျှော့ချနိုင်ပါသတဲ့။

၄။       သွေးဆုံးပြီးနောက်ပိုင်း သားအိမ်ကနေ မူမမှန်သွေးဆင်းရင် သားအိမ် အသားပိုလေးတွေကနေတဆင့် သားအိမ်ကင်ဆာအန္တရာယ် စိတ်ပူစရာပါပဲ။ မူမမှန်သွေးဆင်းရင် သားအိမ်ကင်ဆာ ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ဖို့ လိုပါတယ်။

၅။       ခဏခဏ ဗိုက်အောင့်နေလား။ ဗိုက်အောက်ပိုင်း ပူနေပြီး မကြာမကြာ လေပွနေတတ်ပါလား။ သားအိမ်ကင်ဆာ ဖြစ်နေဦးမယ်နော်။ အာထရာဆောင်းရိုက်ပြီး စစ်ဆေးစေချင်ပါတယ်။

၆။       လင့်ချ်ရောဂါစုမှာ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာတွေ ပါဝင်ပြီး တကယ်လို့ မိမိမျိုးရိုးမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာဖြစ်သူ ရှိနေခဲ့ရင် မိမိပါ အမြဲစစ်ဆေးပြီး သတိနဲ့ နေသင့်တယ်နော်။

၇။       အပျိုဖြစ်စောပြီး သွေးဆုံးနောက်ကျသူတွေ၊ ကိုယ်ဝန် မဆောင်ဖူးသူတွေမှာ သားအိမ်ဟာ အီစထရိုဂျင်ဟော်မုန်းနဲ့ မပြတ်ထိတွေ့နေရတာကြောင့် သားအိမ်ကင်ဆာအန္တရာယ် ရှိနေပြန်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရနိုင်တာ သွေးဆုံးနောက်ကျတာတွေရှိရင် သားအိမ်ကင်ဆာအန္တရာယ် သတိထားပြသသင့်ပါတယ်။

          သားအိမ်ကင်ဆာဖြစ်တတ်တဲ့ တင်ကူးအခြေအနေတွေကို ဆန်းစစ်တင်ပြလိုက်တာမို့ မိမိကိုယ်မိမိ အသိနဲ့သတိပြုလို့ ဆင်ခြင်နိုင်ကြပါစေ။

Dr. Htet Htet Aung (www.drmyanmar.com)