သင်ဟာ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးဆိုရင်တော့ ဒီစာစုလေးကို မဖြစ်မနေ ဖတ်ကြည့်ပါ
အသက် ၄၀ ကျော်စ ပြုလာပြီဖြစ်တာနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာပါတယ်။ ဒီ ၄၀ ကျော်အရွယ် အပိုင်းအခြားဟာ မိမိကျန်းမာရေးကို ပိုမိုဂရုစိုက်သင့်တဲ့ကာလ ဖြစ်တာနဲ့အညီ ဘယ်လိုကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) သွေးပေါင်ချိန် ပုံမှန်တိုင်းသင့်ပါတယ်
သင် အသက် ၂၀ ကနေစပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်လျှင် တစ်ကြိမ် သွေးပေါင် ပုံမှန်တိုင်းသင့်ကြောင်း အမေရိကန်နှလုံးဆရာဝန်များ အကြံပေးထားပါတယ်။ သင့်အသက် ၄၀ ကျော်သို့ ရောက်ရှိလာပြီဆိုရင်တော့ တစ်ပတ်တစ်ခါလောက်တော့ သွေးပေါင်တိုင်းဖို့ သင့်ပါတယ်။ သွေးတိုးရောဂါဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ပုံမှန်စစ်ဆေးသင့်တာ ဖြစ်ပါတယ်။
(၂) သွေးတွင်းအဆီများကို စစ်ဆေးပါ
သွေးတွင်းရှိ Triglycerides၊ HDL နှင့် LDL ကိုလက်စထရောများကို ပုံမှန်စစ်ဆေးခြင်းဖြင့် နှလုံးသွေးကြော အဆီဖုံးခြင်း၊ လေဖြတ်ခြင်းစသော ရောဂါများကို ကြိုတင်ကာကွယ်လိုက်ပါ။
(၃) ဆီးချိုစစ်ဆေးဖို့ မမေ့ပါနဲ့
အဝလွန်သူများနဲ့ ဆီးချိုမျိုးရိုးရှိသူများအနေဖြင့် သွေးတွင်းအချိုဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ အမေရိကန်နိုင်ငံ ဆီးချိုဆရာဝန်များအဖွဲ့ကတော့ အသက် ၄၅ ကျော်ပါက နှစ်စဉ်သွေးတွင်းအချိုဓာတ်ကို စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
(၄) ရင်သားအတွက် ဓာတ်မှန်ရိုက်ပါ
အမေရိကန်နိုင်ငံ ကင်ဆာဆရာဝန်များရဲ့ အဆိုအရ အသက် ၄၅ နှစ်ထိ အမျိုးသမီးတိုင်းအနေနဲ့ ရင်သားစစ်ဆေးမှုများ စတင်ပြုလုပ်သင့်ပြီး အသက် ၄၅ ကနေ ၅၄ ထိ အမျိုးသမီးတွေအနေနဲ့ နှစ်စဉ်ပြုလုပ်သင့်ပါတယ်။ အသက် ၅၅ နှစ်နဲ့ အထက်တွေကတော့ ၂ နှစ်တစ်ကြိမ် စစ်ဆေးသင့်တယ်လို့ သိရပါတယ်။
(၅) မျက်စိစစ်ဆေးခြင်း ပြုလုပ်ပါ
အသက် ၄၀ ကျော်လာတာနဲ့အမျှ မျက်စိစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ရေတိမ်စစ်ဆေးမှုကို ၁-၃ နှစ်တစ်ခါ ပြုလုပ်သင့်ပြီး ဆီးချိုရှိသူများဖြစ်ပါက မျက်စိစစ်ဆေးမှု မဖြစ်မနေပြုလုပ်ဖို့ လိုပါတယ်။
(၆) သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းပြုလုပ်ဖို့ မမေ့ပါနဲ့
အသက် ၃၀ ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ၅ နှစ်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ သင့်အိုဂျီနဲ့ သေချာတိုင်ပင်ဆွေးနွေးကာ စစ်ဆေးနိုင်ပါတယ်။
(၇) အရေပြားစစ်ဆေးမှု
အရေပြားကင်ဆာရောဂါကို စောစီးစွာ သိရှိဖို့အတွက် နှစ်စဉ်အရေပြားစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
(၈) သိုင်းရွိုက်စစ်ဆေးပါ
အသက် ၃၅-၆၅ အတွင်း အမျိုးသမီးထု ၁၃ ရာနှုန်းမှာ သိုင်းရွိုက်ဟိုမုန်းနည်းပါးသောရောဂါ ရှိပါတယ်။ ဒါကြောင့် အသက် ၃၅ နှစ်မှ စတင်ကာ ၅ နှစ်တစ်ကြိမ်လောက်တော့ သိုင်းရွိုက်စစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။
(၉) စိတ်ကျရောဂါ အဖြေရှာပါ
အသက် ၄၀ သို့ ချဉ်းနင်းဝင်ရောက်လာတာနဲ့အမျှ သွေးဆုံးကိုင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်သော စိတ်ကျရောဂါကို စတင်ခံစားရပြီ ဖြစ်ပါတယ်။ အသက် ၄၀ ကနေ ၅၉ နှစ်အတွင်း အမျိုးသမီးတွေဟာ ဆယ်ကျော်သက်အရွယ်များထက် စိတ်ကျရောဂါဖြစ်နှုန်း များပြားတဲ့အတွက် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























