သန္ဓေတားဆေးအနေနဲ့ Marvelon 28 သုံးဖို့ ရွေးချယ်ထားတယ်ဆိုရင်
သားဆက်ခြားဖို့အတွက် ဘယ်လိုနည်းလမ်းတွေကို ရွေးချယ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့သူတွေအတွက်ရော Marvelon 28 ကို သောက်သုံးမယ်ဆိုပြီး ရွေးချယ်ထားတဲ့သူတွေအတွက်ပါ ယုံကြည်စိတ်ချရတဲ့ Marvelon 28 နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေး သိရအောင်လို့ ဗဟုသုတလေးတွေ ဝေမျှပေးချင်ပါတယ်။
>> Marvelon 28 ဆိုတာ ဘာလဲ?
ကိုယ်ဝန်မရအောင် တားဆီးပေးတဲ့ နေ့စဉ်သောက်ရမယ့် သန္ဓေတားဆေးပါ။ ဆေးကဒ်တစ်ကဒ်မှာ ဆေး (၂၈) လုံး ပါဝင်ကာ ဆေးလုံးအကြီး (၂၁) လုံးမှာတော့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုး ပါဝင်ပြီး ဆေးလုံးအသေး (၇) လုံးမှာတော့ ဟော်မုန်းမပါဘဲ Lactose Monohydrate၊ Potato Starch နဲ့ Magnesium Stearate တို့သာ ပါဝင်ပါတယ်။
>> Marvelon 28 က ကိုယ်ဝန်မရအောင် ဘယ်လိုတားဆီးပေးတာလဲ?
● သားဥတွေကြီးလာတာကို တားဆီးပေးတာကြောင့် သားဥမကြွေအောင် ပြုလုပ်ပေးတယ်။
● သားအိမ်ခေါင်းချွဲမြှေးကို စေးပျစ်စေတာကြောင့် သုတ်ပိုးတွေ သားဥနားမကပ်နိုင်အောင် တားဆီးပေးပါတယ်။
● သားအိမ်နံရံကို သန္ဓေသားလောင်း မကပ်တွယ်နိုင်အောင် တားဆီးပေးပါတယ်။
Marvelon 28 IA 1

>> Marvelon 28 ကို ဘယ်လိုသောက်ရသလဲ?
အရင်ဆုံးတော့ ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးပါ။ ပြီးရင် expired date ကိုစစ်ဆေးပါ။ ကိုယ်ဝန်မရှိတာ သေချာရင်တော့ သောက်လို့ရပါပြီ။ ရာသီသွေးပေါ်တဲ့အချိန်မှာ စသောက်ပေးပြီး ဆေးကဒ်မှာ မြားပြထားတဲ့အတိုင်း အစဉ်လိုက် တစ်နေ့တစ်လုံး ပုံမှန်သောက်သွားပေးပါ။ ဒီနေ့မှာ ဒီအချိန် သောက်တယ်ဆိုရင် နောက်နေ့တွေလည်း ဒီအချိန်မှာပဲ အချိန်မှန်သောက်ပေးရပါမယ်။ ဆေး (၂၈) လုံး ကုန်တဲ့အထိ သောက်သွားရမှာဖြစ်ပြီး ကုန်တာနဲ့ နောက်တစ်နေ့မှာ အသစ်တစ်ကဒ်ကို ချက်ချင်းတန်းသောက်ပါ။
>> ဆေးသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ?
ဆေးသောက်ဖို့မေ့တာ (၁၂) နာရီ မကျော်သေးဘူးဆိုရင်တော့ (ဆိုလိုတာက မနက် ၉ နာရီမှာ ဆေးသောက်နေကျကို မနက် ၉ နာရီမှာ မသောက်ဖြစ်လိုက်ပေမယ့် ည ၉ နာရီမတိုင်ခင်မှာ ဆေးသောက်ဖို့ သတိရခဲ့ရင်) သတိရရချင်း သောက်ဖို့မေ့နေတဲ့ဆေးလုံးကို သောက်ပေးပြီး ကျန်တဲ့ဆေးလုံးတွေကိုတော့ ပုံမှန်သောက်နေကျအချိန်ဖြစ်တဲ့ နောက်နေ့မနက် ၉ နာရီမှာ ဆက်သောက်ပေးပါ။
ဆေးသောက်ဖို့မေ့တာ (၁၂) နာရီ ကျော်သွားပြီဆိုရင်တော့ ဆေးကဒ်ရဲ့ ဘယ်နှတန်းမြောက်မှာ သောက်ဖို့မေ့သွားတာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
● ပထမအတန်းက ဆေးတစ်လုံးကို သောက်ဖို့မေ့သွားရင်
သတိရရချင်း သောက်ဖို့မေ့နေတဲ့ဆေးလုံးကို သောက်ပေးပြီး ကျန်တဲ့ဆေးလုံးတွေကိုတော့ ပုံမှန်သောက်နေကျအချိန်မှာ ပြန်သောက်ပေးပါ။ ဒီလိုအချိန်မှာ နောက် (၇) ရက်အထိ အမျိုးသားနဲ့ အတူနေတာကို ရှောင်သင့်ပါတယ်။ တကယ်လို့ အတူနေမယ်ဆိုရင်တော့ နောက် (၇) ရက်အထိ ကွန်ဒုံးသုံးပေးသင့်ပါတယ်။
● ဒုတိယအတန်းက ဆေးတစ်လုံးကို သောက်ဖို့မေ့သွားရင်
သတိရရချင်း သောက်ဖို့မေ့နေတဲ့ဆေးလုံးကို သောက်ပေးပြီး ကျန်တဲ့ဆေးလုံးတွေကိုတော့ ပုံမှန်သောက်နေကျအချိန်မှာ ပြန်သောက်ပေးနိုင်ပါတယ်။ ဒီအချိန်မှာ အတူနေမယ်ဆိုရင်တော့ ကွန်ဒုံးမသုံးလို့လည်း ရပါတယ်။
● တတိယအတန်းက ဆေးတစ်လုံးသောက်ဖို့ မေ့သွားရင်
တတိယအပတ်မှာ မေ့တယ်ဆိုရင်တော့ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ဘယ်နည်းလမ်းကိုပဲရွေးရွေး ဒီအချိန်မှာ အတူနေမယ်ဆိုရင် ကွန်ဒုံးမသုံးလို့ ရပါတယ်။
ပထမနည်းလမ်းကတော့ ... သတိရရချင်း သောက်ဖို့မေ့နေတဲ့ဆေးလုံးကို သောက်ပေးပြီး ကျန်တဲ့ဆေးလုံးအကြီးတွေကို ပုံမှန်သောက်နေကျအချိန်မှာ ပြန်သောက်ပေးပါ။ ဆေးလုံးအကြီးတွေ ကုန်တဲ့အခါ ဆေးလုံးအသေးတွေကို ဆက်မသောက်တော့ဘဲ ဆေးကဒ်အသစ်ကို ပုံမှန်သောက်နေကျအချိန်အတိုင်းပဲ ဆက်သောက်ပေးပါ။ သောက်လက်စဆေးကဒ်နဲ့ အသစ်ပြောင်းသောက်တဲ့ဆေးကဒ် ကြားထဲမှာတော့ ရာသီသွေးပေါ်မှာ မဟုတ်ပေမယ့် အသစ်သောက်တဲ့ကဒ်ရဲ့ ဆေးလုံးအသေးတွေ သောက်တဲ့အခါမှာတော့ ရာသီသွေး ပြန်ပေါ်လာပါလိမ့်မယ်။
ဒုတိယနည်းလမ်းကတော့ ... ဆေးလုံးအကြီးတွေကို ဆက်မသောက်တော့ဘဲ သတိရရချင်း ဆေးလုံးအသေးကို စသောက်ပါ။ ကျန်တဲ့ဆေးလုံးအသေးတွေကိုတော့ ပုံမှန်သောက်နေကျအချိန်မှာ ပြန်သောက်ပေးပြီး ကုန်သွားရင် အသစ်တစ်ကဒ် ဆက်သောက်ပေးပါ။
● စတုတ္ထအတန်းက ဆေးတစ်လုံးသောက်ဖို့ မေ့သွားရင်
သတိရရချင်း သောက်ဖို့မေ့နေတဲ့ဆေးလုံးကို သောက်ပေးပြီး ကျန်တဲ့ဆေးလုံးတွေကိုတော့ ပုံမှန်သောက်နေကျအချိန်မှာ ပြန်သောက်ပေးနိုင်ပါတယ်။ ဒီအချိန်မှာ အတူနေမယ်ဆိုရင် ကွန်ဒုံးမသုံးလို့ ရပါတယ်။
Marvelon 28 IA 2

>> Marvelon 28 ကို မသောက်သုံးသင့်တဲ့သူတွေက ဘယ်သူတွေလဲ?
● ဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်း
● ကိုယ်ဝန်ရှိနေခြင်း
● ခန္ဓာကိုယ်ထဲမှာ သွေးခဲနိုင်ချေများခြင်း (ခြေထောက်သွေးပြန်ကြောထဲမှာ သွေးခဲခြင်း၊ အဆုတ်သွေးကြောမှာ သွေးခဲခြင်း)
● လေဖြန်း၊ လေဖြတ်ဖူးခြင်း
● အကြီးစားခွဲစိတ်မှုခံယူထားပြီး ရက်အတန်ကြာအောင် လှုပ်လှုပ်ရှားရှားမလုပ်နိုင်ခြင်း
● အသည်းရောဂါရှိခြင်း
● ရင်သားကင်ဆာ၊ မျိုးပွားအင်္ဂါကင်ဆာ
● အမြင်အာရုံချို့ယွင်းတာ၊ စကားပြောနိုင်စွမ်းကျဆင်းတာ၊ ခြေလက်ထုံကျဉ်အားနည်းတာ စတဲ့ လက္ခဏာတွေ အတူတွဲဖြစ်လေ့ရှိတဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ
● အကြောင်းရင်းမသိဘဲ မိန်းမကိုယ်ကနေ သွေးဆင်းနေခြင်း စတဲ့ အခြေအနေတွေ ရှိနေရင်တော့ မသောက်သင့်ပါဘူး။
>> Marvelon 28 ရဲ့ ဆေးအာနိသင်ကို ဘယ်အရာတွေက လျော့နည်းစေသလဲ?
တချို့သောဆေးဝါးတွေက Marvelon 28 ရဲ့ ဆေးအာနိသင်ကို လျော့နည်းစေတာကြောင့် ဒီလိုဆေးတွေကို လက်ရှိမှာ သောက်သုံးနေရင်၊ ဒါမှမဟုတ် မကြာသေးခင်ကမှ သောက်သုံးထားတယ်ဆိုရင်တော့ တားဆေးမသုံးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်တာ၊ အမျိုးသားနဲ့အတူနေတဲ့အခါ ကွန်ဒုံးသုံးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒီဆေးတွေကတော့ -
● အတက်ရောဂါမှာသုံးတဲ့ (Phenytoin, Phenobarbital, Carbamazepine)
● တီဘီရောဂါမှာသုံးတဲ့ (Rifampicin)
● HIV ရောဂါမှာသုံးတဲ့ (Ritonavir, Nelfinavir, Nevirapine, Efavirenz)
● အသည်းရောင်အသားဝါ C ရောဂါမှာသုံးတဲ့ (Boceprevir, Telaprevir) စတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
>> ဆေးသောက်နေရင်းနဲ့ ဘယ်လိုအခြေအနေတွေကြုံလာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ?
● အချိန် ဘယ်လောက်ကြာကြာ သောက်သင့်သလဲဆိုတာသိချင်ရင်
● ဆေးတစ်တန်းမှာ ဆေးတစ်လုံးထက်ပိုပြီး သောက်ဖို့မေ့သွားတယ်ဆိုရင်
● ဆေးသောက်ဖို့မေ့သွားတဲ့ရက်ရှိပြီး ဆေးလုံးအသေးတွေ သောက်နေချိန်မှာ ရာသီသွေးမပေါ်ရင်
● ရင်ဘတ်အောင့်တာ၊ မောတာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ မျက်လုံးဝါ/အသားဝါတာ၊ ရင်သားတင်းပြီးနာတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ခံစားရရင်
● ရင်သားမှာ အလုံးအကျိတ်စမ်းမိရင်
စတဲ့ အခြေအနေတွေ ကြုံလာရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























