/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သန္ဓေတားဆေး-ရပ်လိုက်တဲ့အခါ-ဘာတွေဖြစ်လာနိုင်လဲ

သန္ဓေတားဆေး ရပ်လိုက်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ဈေးကွက်ထဲမှာ မြင်တွေ့နေရတဲ့၊ အသုံးများတဲ့ သန္ဓေတားဆေးတွေဟာ ဟော်မုန်းပမာဏတွေကို ပြောင်းလဲစေပြီး အလုပ်လုပ်ပါတယ်။ ဒါကြောင့်မို့ ရပ်လိုက်တဲ့အခါမှာ တချို့ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အဖြစ်များဆုံးက နေ့တိုင်းသောက်ရတဲ့ တားဆေးတွေဖြစ်ပြီး သောက်နေတုန်းကော၊ ရပ်လိုက်ချိန်မှာပါ ဖြစ်နိုင်ပါတယ်။

ပထမဆုံး ပြောင်းလဲစေတာက ရာသီလာတဲ့ ပုံစံကိုပါပဲ။
တားဆေးတွေက ဟော်မုန်းဆေးတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အကျိုးသက်ရောက်ပုံခြင်း မတူကြပါဘူး။ တားဆေးတွေကို ကိုယ်ဝန်မရမအာင် အဓိက သုံးကြပေမယ့် ရာသီမမှန်တဲ့ ပြဿနာတွေမှာလည်း ရာသီမှန်အောင်၊ နာကျင်မှုတွေ သက်သာအောင်လည်း သုံးလို့ရပါတယ်။ ဆေးရပ်လိုက်တဲ့အခါမှာ နာကျင်တာ၊ မူးမော်ပျို့အန်တာ၊ ဗိုက်ကယ်တာ စတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။
နောက်တစ်ခုက တချို့အမျိုးသမီးတွေမှာ ရာသီမလာခင် ခေါင်းကိုက်တတ်တာမျိုး ရှိပါတယ်။ တားဆေးသောက်နေတုန်းမှာ ပျောက်နေတတ်ပြီး ရပ်လိုက်ချိန်မှာ ခေါင်းပြန်ကိုက်လာတတ်ပါတယ်။ နောက်တစ်ခုကြောင့် ဟော်မုန်းကြောင့်ဖြစ်တဲ့ ရင်သားနာကျင်တာ၊ စိတ်တိုစိတ်ရှုပ်တာမျိုးကိုလည်း ပြန်ဖြစ်စေတတ်ပါတယ်။
တားဆေးရပ်လိုက်ပြီး ရာသီ ပုံမှန်ပြန်လာဖို့ အချိန်ကြာတတ်ပါတယ်။ ဒါလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တချို့က ချက်ချင်း ပုံမှန်လာပြီး တချို့က  လလောက်ကြာရင် ပုံမှန်ပြန်ဖြစ်ပါတယ်။
တကယ်လို့ လတော်တော်ကြာတဲ့အထိ ရာသီမလာရင်တော့ ဆေးသောက်ပြီး ရာသီပျောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဆေးသောက်နေတုန်းမှာ ခန္ဓာကိုယ်က သားဥကြွေဖို့ ရာသီလာဖို့ ဘာဟော်မုန်းမှ မထုတ်တော့ဘဲ ဆေးပေါ်ပဲ မူတည်နေတာကြောင့် ဆေးရပ်လိုက်ချိန်မှာ ခန္ဓာကိုယ်က ပုံမှန်ပြန်အလုပ်လုပ်ဖို့ အချိန်ယူရတာကြောင့် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သန္ဓေတည်တာပါ။
တားဆေးတွေကို သောက်ရင် ဟော်မုန်းဆေးကို ၃ ပတ်၊ ဟော်မုန်းမပါတဲ့ အားဆေးကို ၁ ပတ် သောက်ရပါတယ်။ ဒါကြောင့် တချို့လူတွေက တားဆေးရပ်လိုက်ပြီး ရက်သတ္တပတ် တော်တော်ကြာတဲ့အထိ ကိုယ်ဝန်မရနိုင်ဘူးလို့ အထင်မှားတတ်ကြပါတယ်။
ဒါက မှားပါတယ်။ ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲမှာ ကြာကြာမရှိတာကြောင့် ဆေးရပ်ပြီး ၂ ပတ်နေရင် သားဥ ပုံမှန်ပြန်ကြွေတာကြောင့် တစ်ခါတလေ ရာသီတောင် ပြန်မပေါ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ မလိုချင်ဘဲရတဲ့ ကိုယ်ဝန်တွေဟာ ဆေးရပ်လိုက်ပြီးတဲ့နောက် အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုး ဖြစ်ပါတယ်။
တချို့ကျတော့ ဆေးရပ်ပြီး ချက်ချင်းရတဲ့ ကိုယ်ဝန်တွေဟာ ပျက်ကျနိုင်ချေများမလားလို့ ထင်ကြပါတယ်။ ဒါပေမဲ့ တိကျတဲ့သက်သေတော့ မရှိပါဘူး။
နောက်တစ်ခုအနေနဲ့ တားဆေးသုံးတာက လိင်စိတ်တွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မိန်းမကိုယ်ကိုလည်း ခြောက်သွေ့စေပါတယ်။

တခြား ဆိုးကျိုးတွေက -
တားဆေးသောက်တာက ရာသီသွေး အရမ်းများတာ၊ ကြာတာမျိုးကို သက်သာစေပါတယ်။ ဒါကြောင့်မို့ ဆေးရပ်လိုက်ရင် သွေးဆင်းတာများပြီး ပိုကြာနိုင်ပါတယ်။ နောက်တစ်ခုက ရာသီလာတဲ့ ရက်မမှန်တော့တာမျိုး ဖြစ်ပါတယ်။
အမျိုးသမီးတွေ အဖြစ်များတဲ့ နောက်တစ်ခုက ကိုယ်အလေးချိန်တက်တာပါ။ ဒါပေမဲ့ တိကျတဲ့ အချက်အလက်တော့ မတွေ့ရပါဘူး။ တချို့ စာတမ်းတွေကတော့ တစ်နှစ်ကို တစ်ပေါင်လောက်ပဲ တက်နိုင်တာလို့ ဆိုပါတယ်။

Dr. Htar (www.drmyanmar.com)