သမီးမိန်းကလေးတွေ အပျိုဖော်ဝင်တဲ့အခါ ဒီအချက်တွေကို ရှင်းပြပေးပါ။
အပျိုဖော်ဝင်တာဟာ မိန်းကလေးတွေဘဝအတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုပါပဲ။ အသက် ၈ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ ပထမဆုံး ဓမ္မတာလာချိန်မှာ ပမာဏနည်းတတ်ပြီးတော့ နောက်နှစ်အနည်းငယ်ကြာတဲ့အထိ ဓမ္မတာမမှန်တာမှုကို ခံစားရနိုင်ပါတယ်။ ဒီအချိန်ဟာ မိန်းကလေးငယ်လေးဘဝကနေ အရွယ်ရောက်အမျိုးသမီးဘဝကို ပြောင်းလဲတာဖြစ်လို့ သမီးမိန်းကလေးတွေအနေနဲ့ စိတ်လှုပ်ရှားတာ၊ စိုးရိမ်ပူပန်တာ၊ ကြောက်ရွံ့တာတွေကို ခံစားရနိုင်ပါတယ်။ ဒီစိတ်ခံစားချက်တွေဟာ ပုံမှန်ပဲဆိုပေမယ့် ဒီအချက်ကပဲ သမီးမိန်းကလေးတွေကို ဓမ္မတာလာတာနဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းပြပေးရမယ့် အကြောင်းပြချက် ဖြစ်လာပါတယ်။ ဒါကြောင့် သမီးမိန်းကလေးတွေ အပျိုဖော်ဝင်တဲ့အခါ မေမေတို့က ခုဖော်ပြပေးမယ့် အကြောင်းအရာတွေကို ရှင်းပြပေးကြပါနော်။
Dolfenal 2022 IA 1

၁။ ဘာကြောင့် ဓမ္မတာလာရတာလဲ။
ဓမ္မတာစက်ဝန်းဆိုတာ ကိုယ်ဝန်ဆောင်ဖို့အတွက် ကိုယ်ခန္ဓာမှာဖြစ်ပျက်နေတဲ့ ပုံမှန်စက်ဝန်းတစ်ခုပါ။ သန္ဓေသားလေးနေထိုင်ဖို့ ပြင်ဆင်ထားတာကြောင့် ထူထဲနေတဲ့ သားအိမ်နံရံဟာ ကိုယ်ဝန်မရှိတဲ့အခါ ကွာကျလာရပါတယ်။ ဒါကို ဓမ္မတာလာတယ်လို့ ခေါ်တာပါ။
၂။ ဓမ္မတာလာတဲ့အခါ ဘယ်လိုလက္ခဏာတွေကို ခံစားရနိုင်သလဲ။
ဓမ္မတာမလာခင် ရက်ပိုင်းအလိုနဲ့ လာနေချိန်မှာ စိတ်အပြောင်းအလဲမြန်တာ၊ လေထိုးလေပွတာ၊ ရင်သားတင်းပြီးနာတာ၊ ဆီးစပ်ကိုက်တွေ ဖြစ်လေ့ရှိပါတယ်။ အနားယူခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။
၃။ တန်ပွန်သုံးရမလား၊ ဂွမ်းထုပ်သုံးရမလား။
တန်ပွန်ပဲဖြစ်ဖြစ်၊ ဂွမ်းထုပ်ပဲဖြစ်ဖြစ် အဆင်ပြေတာကို သုံးနိုင်ပါတယ်။ ဂွမ်းထုပ်ကတော့ သုံးရတာ ပိုလွယ်ပြီး တန်ပွန်သုံးမယ်ဆိုရင်တော့ သုံးတဲ့နည်းလမ်းကို သေချာသင်ပေးဖို့ လိုအပ်ပါတယ်။
Dolfenal 2022 IA 2

၄။ သွေးပမာဏဘယ်လောက် ဆုံးရှုံးနိုင်သလဲ။
ဓမ္မတာတစ်ကြိမ်လာရင် သွေးပမာဏဟာ ပုံမှန်ဆို လက်ဖက်ရည်ဇွန်း သုံး၊ လေးဇွန်းစာလောက်ပဲ ဆုံးရှုံးလေ့ရှိပါတယ်။
၅။ ဓမ္မတာတစ်ခါလာရင် ဘယ်လောက်ကြာတတ်သလဲ။
ပျမ်းမျှအားဖြင့် ၃-၅ ရက်လောက် ကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။ တစ်ချို့တွေမှာတော့ တစ်ပတ်လောက်အထိ ကြာကောင်းကြာနိုင်ပါတယ်။
၆။ ကိုယ်ဝန်ရနိုင်သလား။
အခွင့်အလမ်းနည်းပေမယ့် ဓမ္မတာလာနေချိန်မှာ အကာအကွယ်မပါဘဲ အတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေတော့ ရှိနေပါသေးတယ်။ ဒါကြောင့် ဓမ္မတာအကြောင်း ရှင်းပြရင် ကိုယ်ဝန်မရဖို့အတွက် အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုပါ တစ်ခါတည်း ရှင်းပြပေးသင့်ပါတယ်နော်။