သားကြောဖြတ်ခြင်းအကြောင်း သိကောင်းစရာ
သားကြောဖြတ်ခြင်းဆိုသည်မှာ တစ်သက်တာ ကလေးမရနိုင်အောင် ပြုလုပ်သော ခွဲစိတ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသမီးတို့တွင်ရှိသော သားအိမ်ပြွန်ကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် မမျိုးဥများအား သုတ်ပိုးဖြင့် မထိတွေ့စေနို်င်တော့ပဲ သန္ဓေအောင်ခြင်းဖြစ်စဉ်ကို တားမြစ်ပြီးသား ဖြစ်စေပါတယ်။
>> သားကြောဖြတ်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်သောအချက်များ
● ကိုယ်ဝန်ကိုတားဆီးရာတွင် ၉၉ ရာနှုန်းလောက် ထိရောက်ခြင်း
● အကာအကွယ်ဖြင့် လိင်ဆက်ဆံဖို့ မလိုတော့တာမို့ လိင်သာယာမှုရရှိနို်င်ခြင်း
● တားဆေးများကို အသုံးပြုဖို့ မလိုတော့တာမို့ ဟော်မုန်းအပြောင်းအလဲများ မရှိတော့သလို ရာသီပုံမှန်လာစေခြင်း
● သားကြောမဖြတ်ခင်အထိ နှင့် သားကြောဖြတ်ပြီး ၃ လအထိ သို့မဟုတ် နောက်တစ်ကြိမ် ရာသီလာသည်အထိ တားဆေးအသုံးပြုဖို့ လိုပါလိမ့်မယ်။
● ပိတ်ဆို့ထားသော သားဥပြွန်များဟာ သားကြောဖြတ်ပြီး နှစ်အနည်းငယ် သို့မဟုတ် ချက်ချင်း ပြန်ပွင့်သွားတတ်ပေမယ့် ရှားပါးပါတယ်။
● တကယ်လို့ သားကြောဖြတ်ခြင်း မအောင်မြင်ပါက နောက်တစ်ကြိမ် သန္ဓေတည်တဲ့အခါ နေရာမှားသော သန္ဓေတည်ခြင်း (ectopic pregnancy) ဖြစ်စေနိုင်ပါတယ်။
● သားကြောဖြတ်ပြီးပါက ကလေးရဖို့ လုံးဝမဖြစ်နိုင်တော့တာကြောင့် သေချာမှသာ ပြုလုပ်ပါ။
● သားကြောဖြတ်ခြင်းသည် လိင်ကတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်နို်င်စွမ်းမရှိပါ။
>> သားကြောဖြတ်ခြင်း မပြုလုပ်မီတွင် -
သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ။ သင့်လက်တွဲဖော်နဲ့လည်း သေချာညှိနှိုင်း တိုင်ပင်သင့်ပါတယ်။ နှစ်ယောက်လုံး သဘောတူမှသာ ပြုလုပ်သင့်ပါတယ်။
သားကြောဖြတ်ပြီးနောက် သင့်လိင်ဆန္ဒနဲ့ လိင်မှုဘဝကိုတော့ ဘာတစ်ခုမှ ထိခိုက်စေမှာမဟုတ်ပါဘူး။ သားကြောဖြတ်ပြီးနောက် ပထမဆုံးအကြိမ် ရာသီမလာမချင်း တားဆေးသောက်သုံးဖို့ မမေ့နဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























