/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ကင်ဆာ-ဘာလို့ဖြစ်

သားအိမ်ကင်ဆာ ဘာလို့ဖြစ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတွေကြောက်တဲ့ ကင်ဆာရောဂါတွေထဲ တစ်ခုအပါအဝင်ကတော့ သားအိမ်ခေါင်းကင်ဆာပေါ့။ ဒါ့အပြင် ရှားရှားပါးပါး ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစားတစ်ခုလည်း ဖြစ်နေသေးတယ်နော်။ ဒီတော့ သားအိမ်ခေါင်းကင်ဆာ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဖြစ်စေတဲ့အကြောင်းရင်းလေးတွေကို သိထားသင့်တာပေါ့။

          သားအိမ်ခေါင်းကင်ဆာ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ ကြွက်နို့ပိုးဖြစ်တဲ့ Human papillomavirusပါ။ ကြွက်နို့ပိုးရှိနေတဲ့အခါ တချို့ရောဂါတွေ ပိုဖြစ်လာနိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇ၊ ဆေးလိပ်သောက်တာနဲ့ တချို့လူနေမှုပုံစံတွေ (တစ်နည်းအားဖြင့် ကြွက်နို့ပိုး ကူးစက်စေခြင်းဖြင့်) ကလည်း သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါသေးတယ်။

 

>>     အများဆုံးဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -

          အများဆုံးဖြစ်စေတတ်တဲ့ HPV ကြွက်နို့ပိုးအပြင် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

          HPV ဆိုတာ သားအိမ်ခေါင်းကင်ဆာ အဖြစ်စေဆုံးပေမယ့် HPV ပိုး မရှိတဲ့သူတွေမှာလည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါသေးတယ်။

●        HPV ကြွက်နို့ပိုး : HPV ကြွက်နို့ပိုးဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်ပြီးတော့ လိင်အင်္ဂါမှာ ကြွက်နို့တွေပေါက်စေတတ်သလို ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိတတ်ပါတယ်။ HPV ပိုးကြောင့် သားအိမ်ခေါင်းမှာ မျက်စိနဲ့မမြင်ရတဲ့ ကင်ဆာအပြောင်းအလဲတွေ စဖြစ်လာပြီး ဒီကမှ တဖြည်းဖြည်းချင်း ကင်ဆာ အဆင့်မြင့်လာတတ်တာပါ။ HPV ကြွက်နု့ိပိုးရှိရုံနဲ့ ကင်ဆာဖြစ်မယ်လို့တော့ မဆိုနိုင်ပေမယ့် ပိုးကူးစက်နေနိုင်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြကြည့်ပြီး အချိန်မီသိရှိအောင် ကြိုးစားသင့့်ပါတယ်။ စမ်းသပ်ကြည့်လို့မှ ပိုးမရှိဘူးဆိုရင် HPV ကို ကာကွယ်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ပိုးရှိနေရင်လည်း မပူပါနဲ့။ ကုသနိုင်တ့ဲနညး်လမ်းလေးတွေ ရှိနေပါသေးတယ်။

●        ဆေးလိပ်သောက်ခြင်း : အမေရိကန်ကင်ဆာအဖွဲ့အစညး်ရဲ့အဆိုအရ HPV ပိုးရှိနေတဲ့ ဆေးလိပ်သောက်သူတွေမှာ ကင်ဆာပြောင်းနိုင်ခြေ ပိုများပါတယ်တဲ့။ ဆေးလိပ်သောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ဝင်ရောက်လာပါတယ်။ အဆုတ်မှာ အဓိကစုပုံတတ်တယ်ဆိုပေမယ့် တစ်ကိုယ်လုံးကိုလည်း ပျံ့နှံ့နိုင်ပြီးတော့ သားအိမ်ခေါင်းကင်ဆာအပါအဝင် တခြားကင်ဆာတွေလည်း ဖြစ်လာနိုင်ပါတယ်။

●        Diethylstibesterol (DES) : DES ဆိုတာ ၁၉၇၀ ဝန်းကျင်လောက်က ကိုယ်ဝန်ပျက်နိုင်ခြေရှိတဲ့ အမျိုးသမီးတွေမှာ အသုံးပြုခဲ့တဲ့ ကိုယ်ဝန်မြဲဆေးတစ်မျိုးပေါ့။ နောက်ပိုင်း ဒီဆေးကြောင့် မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်လာနိုင်ကြောင်း သိလာရတဲ့အခါ အသုံးရပ်သွားခဲ့ပါတယ်။ DES သောက်ခဲ့သူ အမျိုးသမီးတွေမွေးလာတဲ့ သမီးတွေမှာ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းကင်ဆာတစ်မျိုး ဖြစ်လာတတ်တာကို တွေ့ရပါတယ်။ ဒီလို ဆေးနဲ့ထိတွေ့ခဲ့တဲ့အမျိုးသမီးတွေဟာ အခုဆို အသက် ၄၅ ဝန်းကျင်လောက် ရှိပြီပေါ့။

●        ကိုယ်ခံအား ကျဆင်းခြင်း : ကိုယ်ခံအားစနစ်ဟာ ရောဂါပိုးမွှားတွေကနေမက ကင်ဆာတွေကနေပါ ကာကွယ်ပေးပါတယ်။ HIVရောဂါ၊ ကိုယ်ခံအားကျစေတဲ့ဆေးတွေနဲ့ တခြားရောဂါဘယတွေကြောင့် ကိုယ်ခံအားကျလာတဲ့အခါ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်လာစေတတ်ပါတယ်။ HPV ပိုးရှိနေတဲ့ အမျိုးသမီးတွေမှာဆို ပိုဆိုးတာပေါ့။

 

>>    မျိုးရိုးဗီဇ

          မျိုးရိုးလိုက်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။

          ဒါကြောင့် အမျိုးထဲက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ဖူးရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေများတာပေါ့။

          တခြားကင်ဆာဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇတွေကြောင့်လည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်လာစေတတ်ပါတယ်။ ကိုယ်ခံစွမ်းအားအတွက် အရေးပါတဲ့ IL-6 ဆိုတဲ့ ပရိုတင်းရဲ့ မျိုးရိုးဗီဇ ပျက်စီးတဲ့အခါမှာလည်း ဒီလိုကင်ဆာ ပိုဖြစ်လာတာကို တွေ့ရပါတယ်။

 

>>    လူနေမှုပုံစံများ

          တချို့လူနေမှုပုံစံတွေက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

●        လိင်ဆက်ဆံဖော်များခြင်း : လိင်ဆက်ဆံရာကနေ ကြွက်နို့ပိုး ကူးစက်နိုင်တာကြောင့် ကိုယ်ကိုယ်တိုင်မှာ လိင်ဆက်ဆံဖော်များရင်၊ ဒါမှမဟုတ် အမျိုးသားမှာ ကိုယ့်အပြင် လိင်ဆက်ဆံဖော်များရင် ကူးနိုင်ပါတယ်။

●        အသက်ငယ်ရွယ်စဉ်မှာကတည်းက လိင်ဆက်ဆံခြင်း : ဆယ်ကျော်သက်အရွယ်ကတည်းက လိင်ဆက်ဆံသူအမျိုးသမီးတွေမှာ တွေ့ရပါတယ်။ ဒါကလည်း ကင်ဆာဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြာတာကြောင့်လည်း ဖြစ်နိုင်သလို၊ ဆယ်ကျော်သက်အရွယ်မှာ အကာအကွယ်သုံးဖို့ သတိမရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

●        ကိုယ်ဝန်တားဆေး သောက်နေခြင်း : နှစ်ပေါင်းများစွာ သနေ္ဓတားဆေး သောက်နေခဲ့ရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ သနေ္ဓတားဆေးကို ရပ်လိုက်ပြီး ၁၀ နှစ်လောက် အကြာမှာစပြီးတေ့ာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပြန်လျော့ကျလာနိုင်ပါတယ်။ ဒါကလည်း ကိုယ်ဝန်တားဆေးသောက်သူတွေဟာ လိင်ဆက်ဆံဖို့ အခွင့်အလမ်း ပိုများသလို အကာအကွယ်လည်း မယူတတ်ကြတာမို့ပါ။

●        လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း : လူနေမှုအဆင့်အတန်း နိမ့်ကျသူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ လူနေမှုအဆင့်အတန်း နိမ့်ကျသူတွေမှာ မှန်မှန် ကျန်းမာရေးစောင့်ရှောက်မှု မခံယူကြတာကြောင့် ကုသနိုင်တဲ့ အခြေအနေကို ကျော်လွန်ပြီး နောက်ဆုံးအဆင့်ရောက်မှ သိတာမျိုး ဖြစ်နိုင်တာကြောင့်ပါပဲ။

 

>>    တန်ပွန် မိန်းမကိုယ်တွင်းထည့် လစဉ်သုံးပစ္စည်း

          တန်ပွန်လို့ခေါ်တဲ့ မိန်းမကိုယ်တွင်းထည့် လစဉ်သုံးပစ္စည်းတောင့်ဟာ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်စေနိုင်တယ်ဆိုတာ လုံးလုံးမဟုတ်ပါဘူးနော်။ ဒါပေမဲ့ တခြားဆိုးကျိုးတွေတော့ ရှိတာပေါ့။ ဥပမာအားဖြင့် ရှားပါးပေမယ့် ကြောက်ရတဲ့ အန္တရာယ်တစ်မျိုးက ဘက်တီးရီးယားပိုးက ထုတ်လွှတ်လိုက်တဲ့ အဆိပ်အတောက်ကြောင့် သွေးလန့်ပြီး shock ရခြင်းပါ။ တန်ပွန်ကို မထုတ်ဘဲ မိန်းမကိုယ်ထဲ အကြာကြီး ထည့်ထားမိရင် ဖြစ်တတ်ပါတယ်။

          ဒီလို သွေးမလန့်ရအောင် တန်ပွန်ကို ၆ နာရီကနေ ၈ နာရီခြားတစ်ခါ လဲတာ၊ သွေးဆင်းနည်းတဲ့နေ့တွေမှာ ရိုးရိုးလစဉ်သုံးဂွမ်းထုပ်ကိုပဲ သုံးတာမျိုး ပြုလုပ်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)