သားအိမ်ကျွံခြင်း
>> သားအိမ်ကျွံတယ်ဆိုတာ ဘာလဲ?
သားအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပြီး တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေက ဘေးက ထိန်းမတ်ပေးထားပါတယ်။ ဒီကြွက်သားတွေ၊ အရွတ်တွေ ပြေလျော့အားနည်းလာတဲ့အခါ သားအိမ်ကို မထိန်းပေးနိုင်တော့ဘဲ မိန်းမကိုယ် ဒါမှမဟုတ် မွေးလမ်းကြောင်းထဲ သားအိမ် ကျွံဆင်းလာပါတော့တယ်။
သားအိမ်ကျွံရာမှာ သားအိမ် လုံးဝကျွံခြင်းနဲ့ သားအိမ် တစ်ပိုင်းတစ်စကျွံခြင်း ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။ သားအိမ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မိန်းမကိုယ်ထဲ ကျွံကျလာခြင်းကို သားအိမ် တစ်ပိုင်းတစ်စ ကျွံခြင်းလို့ခေါ်ပြီး မိန်းမကိုယ် ပြင်ပအထိရောက်အောင် ကျွံကျလာတဲ့အခါ သားအိမ်လုံးဝကျွံကျခြင်းလို့ ခေါ်ပါတယ်။
>> သားအိမ်ကျွံခြင်းရဲ့ လက္ခဏာရပ်များ
သားအိမ် အနည်းငယ်မျှသာ ကျွံသူတွေမှာ ဘာရောဂါလက္ခဏာမှ ရှိမှာမဟုတ်ပါဘူး။ အလယ်အလတ်မှ ပြင်းထန်အဆင့် ကျွံသူတွေမှာတော့ -
● ဘောလုံးကြီးပေါ် ထိုင်နေရသလို ခံစားရခြင်း
● ပုံမမှန် သွေးဆင်းခြင်း
● အဖြူ ဆင်းခြင်း
● လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
● မိန်းမကိုယ်မှ သားအိမ်ခေါင်း သို့မဟုတ် သားအိမ် ထွက်ကျခြင်း
● တင်ပဆုံမှာ ဆွဲထားသလို ခံစားရခြင်း
● ဝမ်းချုပ်ခြင်း
● ဆီးပိုး မကြာခဏဝင်ခြင်း
ဖော်ပြပါလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ပြပြီး ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။ သေချာကုသမှု မခံယူပါက ဆီး၊ ဝမ်းနဲ့ လိင်ဆက်ဆံရာမှာ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
>> သားအိမ်ကျွံခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ
အသက်ကြီးလာတာနဲ့အမျှ တင်ပဆုံကြွက်သားတွေကို သန်မာအောင် အထောက်အပံ့ပြုထားတဲ့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်တွေ ကျဆင်းလာပြီး သားအိမ် ကျွံလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်မှာ တင်ပဆုံကြွက်သားတွေကို ထိခိုက်မိခြင်းဟာလည်း သားအိမ် ကျွံစေနိုင်ပါတယ်။ ဒါကြောင့် 1 ကြိမ်ထက်ပိုပြီး သဘာဝအတိုင်း ကလေးမွေးထားသူတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သားအိမ်ကျွံဖို့ အခွင့်အလမ်း အများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် တင်ပဆုံကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်တဲ့ အပြုအမူ အနေအထားတွေဟာလည်း သားအိမ်ကျွံခြင်း ဖြစ်စေနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကတော့ -
● အဝလွန်ခြင်း
● နာတာရှည် ချောင်းဆိုးခြင်း
● ဝမ်းချုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
>> သားအိမ်ကျွံခြင်းကို ဘယ်လိုသိနိုင်မလဲ?
ရောဂါလက္ခဏာတွေကို မေးမြန်းပြီး မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ခြင်းဖြင့် သားအိမ်ကျွံခြင်းကို ဆရာဝန်က သိနိုင်ပါတယ်။ စမ်းသပ်တဲ့အခါမှာ ဆရာဝန်က သားအိမ်ခေါင်းကြည့်ပစ္စည်းလေး ထည့်ပြီး မိန်းမကိုယ် အတွင်းပိုင်းနဲ့ သားအိမ်ခေါင်းကို ချောင်းကြည့်ပါလိမ့်မယ်။ လှဲရက်ဖြစ်စေ၊ မတ်တပ်ဖြစ်စေ စမ်းသပ်ရပါတယ်။ တစ်ခါတစ်ရံ သားအိမ်ကျွံတဲ့ပမာဏကို သိအောင် ဝမ်းညှစ်သလို ညှစ်ခိုင်းပြီးလည်း စမ်းသပ်ရပါသေးတယ်။
>> သားအိမ်ကျွံခြင်းကို ဘယ်လိုကုသမလဲ?
အမြဲတမ်းတော့ ကုသစရာ မလိုပါဘူး။ အကယ်၍ သားအိမ်ကျွံတာ အရမ်းဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။
မခွဲစိတ်ပဲ ကုသတဲ့ နည်းလမ်းများမှာ -
● တင်ပဆုံဖိအား လျော့နည်းအောင် ကိုယ်အလေးချိန် လျှော့ခြင်း
● အလေးအပင် မခြင်းကို ရှောင်ခြင်း
● မိန်းမကိုယ်အောက်ပိုင်းကြွက်သားများ သန်မာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
● အီစထရိုဂျင်ဟော်မုန်း ဖြည့်စွက်စာများ သောက်ခြင်း
● သားအိမ်ခေါင်းအဝမှာ သားအိမ်ကို ထိန်းပေးနိုင်တဲ့ သားအိမ်ထိန်းကွင်း ထည့်ခြင်း
ခွဲစိတ်ကုသနည်းများမှာတော့ သားအိမ်ထိန်းခွဲစိတ်ခြင်းနဲ့ သားအိမ်ဖြတ်ခြင်း စတဲ့ နည်းလမ်းတွေ ရှိပါတယ်။ သားအိမ်ထိန်း ခွဲစိတ်တဲ့အခါ ခွဲစိတ်ဆရာဝန်ဟာ သားအိမ်ကို မူလနေရာ ပြန်ရောက်အောင် တင်ပဆုံအရွတ်တွေနဲ့ဖြစ်စေ၊ ခွဲစိတ်ကိရိယာတွေနဲ့ဖြစ်စေ ပြန်ထိန်းပေးပါတယ်။ သားအိမ်ကို ဖြတ်တောက်တဲ့အခါမှာလည်း ဗိုက်ခွဲပြီးဖြစ်စေ၊ မိန်းမကိုယ်ကနေ ချဲ့ပြီးဖြစ်စေ ခွဲထုတ်နိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာ အကျိုးရှိပေမယ့် ကလေးယူဖို့ အစီအစဉ်ရှိသူတွေမှာတော့ အသုံးမဝင်ပါဘူး။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းတို့ဟာ သားအိမ်ကြွက်သားတွေကို ဒဏ်ဖြစ်စေနိုင်ပြီး သားအိမ် ပြုပြင်ခွဲစိတ်ထားတာ ပြန်ပျက်သွားနိုင်ပါတယ်။
>> ဘယ်လိုကာကွယ်နိုင်သလဲ?
ဖြစ်စေနိုင်တဲ့ အကြောင်းအားလုံးကိုတော့ လိုက်ပြင်လို့မရပေမယ့် နည်းသွားအောင်တော့ ကြိုးစားနိုင်ပါတယ်။
● လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
● ကိုယ်အလေးချိန် ထိန်းခြင်း
● တင်ပဆုံကြွက်သားအား ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း
● သွေးဆုံးချိန်မှာ အီစထရိုဂျင် ဖြည့်စွက်စာများ သောက်ပေးခြင်း
Dr. Emerald (www.drmyanmar.com)




























